မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်းမှ ကားနှစ်စီး တိုက်ခိုက်ခံရ၍ ကားပေါ်ပါ စစ်အုပ်စုထွက်ပြေးပြီး သေနတ်တစ်လက် သိမ်းဆည်းခံရကာ ကားနှစ်စီးလုံး မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဧပြီ ၂၄ ရက်)နံနက် ၈ နာရီခွဲခန့်တွင် ဝက်လူးရဲစခန်းမှထွက်လာသော စစ်ကောင်စီတပ်သားများနှင့် ရဲများလိုက်ပါလာသည့် အိမ်စီးကားနှစ်စီးကို ဝက်လူးရွာအတွင်း၌ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၄) Natogyi People Defence Force၏ တာဝန်ရှိသူက ပြောသည်။
“ကားနှစ်စီးကို မီးရှို့လိုက်နိုင်တယ်။ သူတို့ဘက်က ဒဏ်ရာရပြီးတော့မှ ထွက်ပြေးကုန်တယ်။ ခံပစ်တာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့မြင်တော့ ကားတွေထားပြီး ထွက်ပြေးတာ။ ကျွန်တော်တို့က လိုက်ပစ်ရင်းနဲ့ သူတို့ဘက်က တချို့တဝက်ဒဏ်ရာရတယ်။ သေဆုံးမှုတော့အတည်ပြုလို့မရဘူး။”ဟု မြင်းခြံခရိုင် တပ်ရင်း (၄)၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ကားပေါ်မှ ခြောက်လုံးပြူးတစ်လက်၊ ဖုန်းတစ်လုံး၊ စကားပြောစက်တစ်လုံးနှင့် ငွေသားအချို့ သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
အလားတူ ဧပြီ ၂၃ ရက် နံနက် ၉ နာရီခန့်ကလည်း နွားထိုးကြီးမြို့ပေါ်ရှိ ဆောက်လုပ်ရေးရုံးနှင့် အေးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
“သူတို့ဂိတ်ပေါက်လောက်အထိ ရောက်ခဲ့တယ်။ စစ်မှုထမ်းဟောင်းတွေပြန်ခေါ်ပြီး ကင်းစောင့်ခိုင်းတာတွေရှိတော့ သူတို့ထိခိုက်တာတွေရှိတယ်။”ဟု မြင်းခြံခရိုင်တပ်ရင်း(၄)၏ တာဝန်ရှိသူက ပြောသည်။
နွားထိုးကြီးမြို့ပေါ်စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနှင့် နွားထိုးကြိး မြို့နယ်(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှူများ ဖြစ်ပွားပြီးနောက် စစ်အုပ်စုကမြို့တွင်းမြို့ပြင်စစ်ဆေးမှုတင်းကြပ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၁၈ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူရွာ၌ တပ်စွဲထားသော စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သားသုံးဦးသေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။