စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ဒေသခံပြည်သူများ စုပေါင်း၍ နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို အာဏာသိမ်းစစ်တပ်က ပစ်သတ်မှုအပေါ် သည်းခံစရာ အကြောင်းမရှိကြောင်းနှင့် သည်းခံခွင့်လွှတ်ရန် ပြောကြားခဲ့သည့် သီတဂူဆရာတော် အား အလိုမရှိကြောင်း ယနေ့ (ဇွန်လ ၂၄) ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “ဘာသာတူတူ မတူတူ လူသတ်တဲ့ ဖက်ဆစ်စစ်တပ် အလိုမရှိ” ၊ “သည်းခံခွင့်လွှတ်နိုင်ရန် အကြောင်းမရှိ” ၊ “သီတဂူဆရာတော် အလိုမရှိ”၊ “ကလေးနဲ့အမျိုးသမီးတွေကို သတ်တဲ့ ဖက်ဆစ်စစ်တပ် အလိုမရှိ” စသည့်စာသားများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို မြောင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဇွန်လ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဆရာတော် သံဃာတော်များစုဝေး၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်စတင်ပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း) ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။