ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေး က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဝယ်ကလီ အမတ ၃၁၅ တပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဝင်းရေးမြို့နယ် လို့ရှားကျေးရွာနေ အသက် ၅၃ နှစ်အရွယ်ရှိ နော်ကော့ကော် ဦးခေါင်းကို ဗုံးကျည် ထိမှန် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဝယ်ကလီ အမတ ၃၁၅ တပ်ရင်းက နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲပစ်ခတ်ရာ ဝင်းရေးမြို့နယ် စံပြကျေးရွာနေ နော်ဆာ့ဘေး၏ ရော်ဘာခြံကို ကျရောက် ပေါက်ကွဲခဲ့ပြီး နော်ဆာ့ဘေးမှာ ဆီးခုံကို ဗုံးသီး ကျည်ထိမှန်ပြီး မစိုးရိမ် ဒဏ်ရာရခဲ့ကြောင်း၊ ထိုဗုံးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နော်ဆာ့ဘေး၏ ကွမ်းသီးပင် တချို့ နှင့် ရော်ဘာပင် တချို့သည်လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လေ့ရှိကြောင်း သိရသည်။