ဂျာမန် အားကစား ဝတ်စုံ လုပ်ငန်းစုကြီး JAKOနဲ့ စပိန် ဖက်ရှင် ကုမ္ပဏီ Zaraတို့ဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး စီးပွားရေး လုပ်ငန်း ဆောင်ရွက်နေမှုတွေကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အာဏာသိမ်း စစ်တပ်က အလုပ်သမားတွေကို ဖိနှိပ် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်အပြီး အနောက်ဥရောပ နိုင်ငံတွေရဲ့ ကုမ္ပဏီတွေက အခုလို လုပ်ငန်းရပ်ဆိုင်းမယ့် ဆုံးဖြတချက်တွေ အသီးသီး ချမှတ်လာတာ ဖြစ်ပါတယ်။
JAKOဟာ ရန်ကုန်တိုင်းက လှိုင်သာယာ မြို့နယ်ထဲမှာ SUN Apparel Myanmar Co. Ltdနဲ့ ချိတ်ဆက်ပြီး အဝတ်အထည်တွေ ချုပ်လုပ်ပါတယ်။ အဲဒီ ကုမ္ပဏီရဲ့ ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာကို ဆန့်ကျင် တုံ့ပြန်တဲ့ အနေနဲ့ JAKOက မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရန်ကုန်မှာ အထည်ချုပ်စက်ရုံ ဝန်ထမ်းတွေက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဇွန်လကုန်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့နောက် ဒီကိစ္စဟာ မြန်မာနိုင်ငံ အခြေစိုက် ဥရောပ ဖက်ရှင်နဲ့ အဝတ်အထည် လုပ်ငန်းစုကြီးတွေအတွက် အာရုံစိုက်စရာ ဖြစ်လာပါတယ်။
JAKOနည်းတူ စပိန်ရဲ့ အထင်ကရ ဖက်ရှင် ကုမ္ပဏီကြီးဖြစ်တဲ့ Zaraကလည်း သူတို့ရဲ့ ထုတ်လုပ်ရေး လက်တွဲဖော် ကုမ္ပဏီ Inditexနဲ့အတူ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းမှုတွေ ရပ်နားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဇွန်လ ၁၄ ရက်တုန်းက JAKOနဲ့ Zaraအတွက် အဝတ်အထည်တွေ ချုပ်လုပ်ပေးနေတဲ့ စက်ရုံတွေက ဝန်ထမ်းတွေ အပါအဝင် အလုပ်သမား ၁၀ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တဲ့နောက် Zaraက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာ့ အထပ်ချုပ် လုပ်သားတွေရဲ့ ဖိနှိပ်ခံ ဘဝတွေကို နိုင်ငံတကာ မြင်ကွင်းမှာ ပိုမို မီးမောင်းထိုး ဖော်ထုတ်ပြမှုတွေ ရှိလာပါတယ်။ လူ့အ
ခွင့်အရေး အဖွဲ့တွေက မြန်မာ့ အထည်ချုပ် လုပ်သားတွေဟာ အချိန်ပိုဆင်းဖို့ အတင်းအကျပ် ဖိအားပေး ခံရတာတွေ၊ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ပေးဖို့ မျက်ကွယ်ပြုခံရတာတွေ၊ သမဂ္ဂ အဖွဲ့ဝင်တွေ အငြှိုးထား ထုတ်ပယ်ခံရတာတွေ ကြုံနေရကြောင်း ပြောကြားထားပါတယ်။