စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စာသင်နေသည့် ကလေးငယ် ၁၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ကလေးငယ်များစာသင်ကြားနေသည့် ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို စက်တင်ဘာ ၂၇ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
၀န်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ ခမရ(၁၀၂)မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၃လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီက အရပ်ဘက် စစ်ဘက်ခွဲခြားမှုမရှိဘဲပစ်ခတ်မှုကြောင့် ပညာသင်နေသည့် ကလေးငယ် ၁၈ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
ဒဏ်ရာရ ကလေးငယ်များအနက် ၆ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယင်းလုပ်ရပ်သည် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စု စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်တခုဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၂ စက်တင်ဘာလကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်အများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ကလေးငယ်များ၏ စာသင်ကျောင်းအပါအဝင် အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏပြု လုပ်နေသည်။