အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ဝမ္မသူဆေးရုံကြီးက ဆေးအဖွဲ့ ပြန်လည်ပတ်နိုင်ရေးအတွက် ခြောက်ရက်တာ အလှူကောက်ခံ ရတဲ့ငွေ ကျပ်သိန်း ၅၀၀ ကျော်ရှိပြီလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ထံမှ သိရပါတယ်။
မင်းတပ်ပအဖက ဧပြီ ၂၇ ရက်မှာ စတင်ကောက်ခံခဲ့တာဖြစ်ပြီး လက်ခံရရှိတဲ့ ငွေအားလုံးကို ဝမ္မသူ ဆေးအဖွဲ့ကို အပ်နှံမှာ ဖြစ်တယ်လို့ မင်းတပ် ပအဖ မှ မနေ့က အသိပေးပါတယ်။
အလှူငွေများကို မေ ၅ ရက် အထိသာ လက်ခံသွားမှာဖြစ်ပြီးတော့ အဆိုပါ ထောက်ပံ့ငွေများကို ဝမ္မသူဆေးအဖွဲ့ရဲ့ အရေးပေါ် လိုနေတဲ့ ဆေးဝါး၊ရိက္ခာ၊ လူ့အသုံးအဆောင် ပစ္စည်းတွေကို ဆုံးဖြတ်ဝယ်ယူ စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အခုလို ပါဝင်လှူဒါန်းပေးကြတဲ့ ပြည်သူ၊တော်လှန်ရေး ညီအစ်ကို မောင်နှမများအားလုံးကို ကျေးဇူး အထူးတင်ရှိပြီး၊ SDB အကောင့်၊ NUG Pay များနဲ့ ဆက်သွယ် ကူညီနိုင်တယ်လို့ ဖိတ်ခေါ်ထား ပါတယ်။
ဒီဝမ္မသူ ဆေးရုံကြီးကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း ကနေ ဧပြီ ၂၅ ရက်နေ့မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် တက်ရောက် ကုသမှုခံယူနေတဲ့ အတွင်းလူနာ လေး ဦး၊ လူနာ စောင့် တဦး ၊စုစုပေါင်း ၅ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဝမ္မသူဆေးရုံပြန်လည်ပတ်နိုင်ရေးအတွက် လှူဒါန်းနိုင်မယ်ဆိုရင် https://www.facebook.com/MindatAdministration ကနေ ဆက်သွယ်နိုင်ပါတယ်။