မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် တွင် စစ်ကောင်စီ၏ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၏ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲမှူးအပါအဝင် ရဲလေးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဧပြီ ၅ရက်) ည ၇နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ဝမ်းတွင်း-ပင်းတလဲလမ်း၊ နတ်နန်းကျေးရွာနှင့် ထနောင်းကုန်းကျေးရွာကြားတွင် ရဲများလိုက်ပါလာသော ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ ဝမ်းတွင်းရဲစခန်းမှ မြို့နယ်ရဲမှူး ဝင်းကျော်သူ အပါအဝင် လေးဦး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“သူတို့က ကားလေးစီးအတန်းလိုက် ပင်းတလဲကနေ ဝမ်းတွင်းဘက်ကို ပင်းတလဲ-ဝမ်းတွင်းလမ်းအတိုင်းပြန်လာတာမှာ နတ်နန်းရွာအကျော် ထနောင်းကုန်ရွာအနားအရောက်မှာ မိုင်းဆွဲလိုက်တာ။ ကားလေးစီးထွက်လာတယ် သတင်းရပေမယ့် မိုင်းနေရာရောက်တော့ ကားတစ်စီးပဲ။ သုံးစီးက အဝေးမှပြတ်ကျန်ခဲ့တယ်။ အဲ့တစ်စီးမှာ မြို့နယ်မှူး ပါလာတယ်လို့ အတွင်းဖရဲသီးသတင်းကအတိအကျပေးလို့ ခုလို အတိအကျ မိုင်းဆွဲနိုင်တာ။”ဟု WTRF ၏ တာဝန်ရှိသူက ပြောသည်။
“မိုင်းဆွဲလို့ သူတို့ပတ်နေတယ်။ ဒရုန်းတွေရော ဝဲနေတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဝမ်းတွင်း-ပင်းတလဲလမ်းပေါ်တွင် စစ်ကောင်စီအုပ်စုဝင်များ မကြာခဏ တိုက်ခိုက်ခံနေရပြီး ပြီးခဲ့သည့် မတ်လ ၁ဝရက်က တပ်မ(၉၉)မှ စစ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။