မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးအား ပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။
မတ်လ ၂၂ရက် ည ၉နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ သဲတောကံဦးရပ် သီလရှင်ကျောင်းရှေ့တွင် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ် က ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးအား ပစ်ခတ်ရာ နောက်ကထိုင်လိုက်လာသူ အသက်(၅၀)အရွယ် ဦးကျော်ငြိမ်းဆိုသူ သေဆုံးပြီး မောင်းနှင်လာသူအမျိုးသား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။
“စစ်သားက ဆိုင်ကယ်နှစ်ယောက်စီးတဲ့လူကို သေနတ်နဲ့လိုက်ပစ်တာ။ နောက်ကလူက သေသွားတယ်။ ရှေ့ကလူက မိသွားတယ်”ဟု ဝမ်းတွင်းမြို့ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ဖြတ်သန်းလာသော ပြည်သူများကိုလည်း ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဝမ်းတွင်းမြို့၌ စစ်ကောင်စီလက်အောက်ခံများ မကြာခဏ ပစ်ခတ်ခံနေရပြီး မတ်လ ၁၉ရက် ညနေပိုင်းကလည်း ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာနေ စစ်မှုထမ်းရန်လူစုပေးနေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မောင်ပုဆိုသူအား ဒေသတွင်း WTRF PDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့၍ သေဆုံးခဲ့သည်။