မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူစုပေးနေသော အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (မတ်လ ၁၉ရက်) ညနေ ၆နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ သီးကုန်းရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မောင်ပုဆိုသူသည် ဝမ်းတွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဆိုင် ကယ်ဖြင့်ပြန်အလာ သေနတ်ဖြင့်ငါးချက် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် ကျေးရွာမှ လူငယ် သုံးဦးအား ဝမ်းတွင်းမြို့နယ်ထွေအုပ်ရုံး၌ စာရင်းပေးပြီးပြန်အလာ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေအတိုင်းဆက်အလုပ်လုပ်ပေးနေသူမှန်သမျှ ဒီလမ်းအတိုင်းသွားရမယ်လို့ပဲပြောချင်ပါတယ်။”ဟု WTRF၏ တာဝန်ရှိသူက ပြောသည်။
၎င်းသည် သားမက်ဖြစ်သူ သဲဖြူကုန်းစစ်တပ်မှ စစ်ဗိုလ်အရှိန်ဖြင့် လက်လုပ်သေနတ်တစ်လတ် ကိုင်ပြီး သီးကုန်းကျေးရွာတွင်သာမက အနီးဝန်းကျင် ကျေးရွာများအထိပါ အနိုင်ကျင့်ဗိုလ်ကျနေသူဟု Wundwin Township Revolution Force အဖွဲ့က ဆိုသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးထံမှ လက်လုပ်သေနတ် တစ်လက်နှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့သည်။
ရန်ကုန်၊မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသအသီးသီး၌ စစ်ကောင်စီအတွက် စစ်မှုထမ်းရန်ကြိုးပမ်းပေးနေသူများအား တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။