ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(ဇွန်လ ၂၇) တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၂၇ရက် နံနက် ၈နာရီခွဲခန့်တွင် တိုက်ပွဲစတင်ခဲ့ရာ တိုက်ပွဲ ၁နာရီခွဲခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။
” ခတ်ချိုရွာအရှေ့ဘက် ငှက်ပျောခြံနားမှာ စကစ တပ်နဲ့ KIA တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်တယ်။ စကစ တပ်ဘက်က ထိခိုက်ကျဆုံးများတယ်။ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိထားတယ်လို့ ကြားသိရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIAသည် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားရာ ယင်းသို့ သိမ်းပိုက်ထားသည့် စခန်းများတွင် တပ်ရင်းဌာနချုပ်အချို့ ပါဝင်သည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၅ရက် နှင့် ၂၆ရက်ကလည်း ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် ရဲများဘက်က အရာရှိများအပါအဝင် သေဆုံးထိခိုက်များခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မံစီနှင့် ဗန်းမော်မြို့နယ်တွင်လည်း စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။