ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆမားလမ်းဆုံ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ အတွက် ရိက္ခာတင်ဆောင်လာတဲ့ ကားတစ်စီး ဇူလိုင်လ ၁၃ ရက်နေ့ မနက်က ပစ်ခတ်ခံရခဲ့ကြောင်း ဒေသခံတွေနဲ့ KIA ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဝိုင်းမော်ဘက်ကနေ နမ်ဆန်ယန်ဘက် လာတဲ့ လမ်းပိုင်းက ဒဘတ်ယန် ချောင်းတံတား အကျော်က ဆမားလမ်းဆုံနားမှာ ပစ်ခတ်ခံရတာလို့ သူက ပြောပါတယ်။
“ဒဘတ်ယန်နဲ့ မလန်းယန် (ဂျာပူ)ရွာ ကြားမှာ” လို့ KIA ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“တစ်နေ့က မနက် ရိက္ခာ လာပို့တဲ့ စစ်ကောင်စီကား။ စစ်ကောင်စီတွေကို ရိက္ခာလာပို့တဲ့ ကားကို KIA ရဲဘော်တွေ လမ်းမှာ လုပ်ချလိုက်တာ” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ဆဒုံးဘက် KIA တပ်မဟာ (၅)၊ တပ်ရင်း (၃) နယ်မြေဘက် ရိက္ခာလာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီ ရိက္ခာတင်ကားကို KIA ဘက်က လမ်းမှာ စောင့်ကြို ပစ်ခတ်လိုက်တာ မှောက်သွားတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ ဘက်က ဆဒုံးဘက်နဲ့ လိုင်ဇာဌာနချုပ် အနီးဝန်းကျင်မှာ စစ်ကြောင်းထိုး အင်အားဖြည့်နေပြီး တိုက်ပွဲ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာပါ။