ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တာဝန်ရှိသူတို့က အသိပေးသည်။
ဇွန်လ ၁၀ရက် နံနက်တွင် ဝိုင်းမော်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ဒီနေ့ ခလရ(၅၈)တပ်ရင်းက လုံခြုံရေးနယ်လှည့်တဲ့ အဖွဲ့နဲ့ ကျနော်တို့ အဖွဲ့တွေ ထိတွေ့ရင်ဆိုင်တိုက်ပွဲငယ်လေးဖြစ်တယ်တဲ့။ စကစဘက်ကနေ ဒရုန်းနဲ့ ဝိုင်းမော်ဘက်က ခရစ်ယာန်ဘုရားကျောင်းတွေကိုလည်း ဒရုန်းနဲ့လာကြဲတာ အဲဒါတွေလည်းရှိပါတယ်။ သိပ်ပြီးမှ ပြင်းပြင်းထန်ထန် တိုက်ပွဲကြီးတွေတော့ မဟုတ်ဘူး။ ထိုးစစ်ဆင်တဲ့ပုံစံလည်းမဟုတ်ဘူး။ ထိတွေ့ရင်ဆိုင်တိုက်ပွဲတစ်ခုပဲ ဖြစ်ပါတယ်”ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဝိုင်းမော်အခြေအနေကို ပြောသည်။
ကချင်အရေးလှုပ်ရှားသူ ဒေါ်ခွန်ဂျာကလည်း ဝိုင်းမော် လမြန်ရွာဘုရားကျောင်း ဗုံးကြဲဖျက်ဆီးခံရမှု အခြေအနေကို အသိပေးထားသည်။
ထို့အပြင် ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဘုရားကျောင်းတိုက်ခိုက်ခံရ၍ ထိခိုက်ပျက်စီးမှု မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။
လမြန်ရွာဘုရားကျောင်းကို စစ်ကောင်စီက ညနေ ၃နာရီခွဲတွင် လေကြောင်းမှ ပေါင် ၅၀၀ဗုံးကြဲဖျက်ဆီးခြင်းဟု ဒေသခံများက ပြောသည်။
” မြစ်ကြီးနားက လေယာဉ်တက်လာတယ်လို့ ကျနော်တို့ အရပ်သားတွေ အချင်းချင်းသတိပေးချက်ရတယ်။ မကြာဘူး။ ပစ်ချတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ယနေ့နေ့လယ်ပိုင်းတွင် ဖားကန့်မြို့တစ်နေရာကိုလည်း လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ ထိုအပြင် ယနေ့ညပိုင်း၌ မြစ်ကြီးနားမြို့စစ်တပ်စခန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည်။
KIAသည် မေလတတိယပတ်တွင် ဝိုင်းမော်ရှိ ခမရ(၃၂၁)တပ်ရင်းကို သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသော်လည်း စစ်ကောင်စီက လက်နက်ကြီး ၊ လေကြောင်း တိုက်ခိုက်မှု ၊ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေသည်ဟု ဆိုသည်။