ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“အဲဒီ စကစ ပြည်သူ့စစ်စခန်းကတော့ ဝိုင်းမော်မြို့နယ် တာလောကြီးနဲ့ ရွှေညောင်ပင်နားက ဘော်ဆာဒီးဆိုတဲ့ ပြည်သူ့စစ်စခန်းတွေ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၁၅ရက် နံနက်အစောတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် ၈နာရီ ပတ်ဝန်းကျင်တွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောပြသည်။
“အဲဒီ တိုက်ပွဲထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ ကျဆုံးတာတွေကတော့ မြေပြင်သတင်းတွေ မကြားရဘူးပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်ရမှုရှိသည်ဟု ဆိုသည်။
တစ်ဖက်တွင် စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နယ်မြေဒေသများကို လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အဲဒီ တိုက်ပွဲဖြစ်စဉ်ကြောင့်လို့ ပြောလို့ရမလားတော့ မသိဘူး။ ဒီမနက် ၁၁နာရီ ဝန်းကျင်လောက်မှာ မိုင်ဂျာယန် ကောလိပ်ကျောင်းနားမှာ ယော်ရုံဆိုတဲ့ တပ်စခန်းကနေ ၁၀၅ မမလို့ ယူဆရတဲ့လက်နက်ကြီးနဲ့ ပစ်တာရှိပါတယ်။ လူနေအိမ် ၁လုံးကို နည်းနည်းထိတာရှိပါတယ်။ အဲဒီလူနေအိမ်မှာ နားနေတဲ့ ကျောင်းသူ နှစ်ယောက်လည်း ဒဏ်ရာရတာရှိပါတယ်။ ဒါပေမဲ့ သိပ်ပြီးမှ ဆိုးဝါးတဲ့ အန္တရာယ်တော့မရှိဘူးပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်က လိုင်ဇာနှင့်အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“နောက် မိုင်ဆက်ပါ နမ့်ဆန်ယန်ဘက်မှာကတော့ သူတို့ လေကြောင်းနဲ့ ဗုံးကြဲတာတွေရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည် ။ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ရှင်းပြသည်။
ယခင်ကလည်း KIAက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများရှိခဲ့ရာ စစ်ကောင်စီတပ်က လိုင်ဇာဌာနချုပ်နယ်မြေကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ဖူးသည်။