ဦးစခုန်တိန့်ယိန်းက KIAနှင့် PDFအား တားဆီးချေမှုန်းရန် အမိန့်ထုတ်ခဲ့သော်လည်း ပြည်သူ့စစ် နှင့် BGFများ စခန်းစွန့်ထွက်ပြေး
ကချင်ပြည်နယ် ဝိုင်းမော်-ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့်(BGF)စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (ဇွန်လ ၁၄ရက်) သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၁၁ရက်တွင် ဆဒုံးဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်းများ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်စခန်းများ စုစုပေါင်း တပ်စခန်း ၁၈ခုကို သိမ်းပိုက်ခဲ့ပြီးနောက် ဒေသတွင်း၌ KIAက ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၄ရက် နံနက်တွင် ဝိုင်းမော်-ချီဖွေလမ်းပိုင်းရှိ ရှငေါ် ပြည်သူ့စစ်စခန်း၊ မန်ဒေါင်နယ်ခြားစောင့်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။
” ချီဖွေဘက်ထွက်ပြေးသွားတယ်။ ငါတို့ တပ်တွေလိုက်လံ ရှင်းလင်းနေတယ်”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ချီဖွေ၊ ဆော်လော်၊ ကန်ပိုက်တည် ဒေသသည် ဦးစခုန်တိန့်ယိမ်း ခေါင်းဆောင်သည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ်စခန်းအများစုရှိပြီး KIA၏ ထိုးစစ်အောက်တွင် အဆိုပါ ပြည်သူ့စစ်နှင့် BGFများ စခန်းကို အလွယ်တကူ စွန့်ခွာသွားသည်။
KIA၏ ထိုးစစ်မစမီ ဇွန်လ ၇ရက်က ဦးစခုန်တိန့်ယိမ်းက အမိန့်စာထုတ်ပြန်ပြီး နယ်ခြားစောင့် တပ်များနှင့် ပြည်သူ့စစ်များအနေဖြင့် KIAနှင့် PDF ပူးပေါင်းအဖွဲ့များအား ယတိပြတ် ခုခံချေမှုန်းရန် စစ်မိန့်ပေးကြောင်း ဖော်ပြခဲ့သည်။
ဆော့လော်မြို့နယ် ၊ ချီဖွေမြို့နယ်၊ ကံပိုက်တည် ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များသည် မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးကြောင်း စာတွင် ဖော်ပြထားသည်။
KIAနှင့် PDFကို ပြန်ထွက်မသွားနိုင်ရန် တိုက်ခိုက် ချေမှုန်းရန်၊ ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းရန်၊ ပြန်လည်ထွက်ခွာခွင့် မပေးရန် အမိန့်ပေးကြောင်း ဦးစခုန်တိန့်ယိန်း၏ အမိန့်စာ၌ ပါရှိသည်။
သို့ရာတွင် KIA၏ ထိုးစစ်စတင်ခဲ့သည့် ဇွန်လ ၁၁ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ၁၁ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တပ်စခန်း ၇ခုမှာ မတိုက်ခိုက်ရဘဲ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ယနေ့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် BGFများ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” အမိန့်ထုတ်တာ ၇ရက်နေ့။ ၁၁ရက်နေ့ အကုန်ထွက်ပြေးပြီ။ ချီဖွေဘက်ထွက်ပြေးသွားကြပြီ။ ငါတို့ တပ်တွေလိုက်လံ ရှင်းလင်းနေတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
KIAအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် BGF များကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားပြီးဖြစ်သည်။