ဖားကန့်မြို့၊ဝှေခါရွာမှ စစ်ကောင်စီစခန်းအား KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ထက်မနည်းသေဆုံးပြီး ငါးဦးအရှင်ဖမ်းမိကာ တပ်ရင်းမှူးမှာ ဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။
“သေတာ ၃၀ ထက်မနည်းဘူး။ ဗိုလ်မှူးစံလွင်နဲ့သူ့တပည့် ၁၅ယောက်လောက်ထွက်ပြေးသွားတယ်။ဗိုလ်မှူးစံလွင်ဒဏ်ရရပြီ ဖားကန့်တပ်မကုန်းမှာ ဆေးကုနေတယ်” ဟု ဖားကန့် PDF ရဲဘော်တစ်ဦးကပြောသည်။
တပ်မ ၃၃ လက်အောင်ခံဖြစ်သည့် ဝှေခါရွာမှ စစ်ကောင်စီတပ်စခန်းကုန်းကို KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့က ဇန်န
ဝါရီလ ၁၈ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်က ထားခဲ့သည့် ရုပ်အလောင်း ၁၃လောင်းကို မီးရှို့သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများကိုလည်း KIA၊KPDFက ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲ တွင်ပါဝင်ခဲ့သော KPDF တပ်ဖွဲ့ဝင်ကလေးငါးဦး၏မိခင် မချောစုက တိုက်ပွဲအစအဆုံးရဲရဲဝ့ဝံ့ပါဝင်တိုက်ခိုက်ခဲ့သောကြောင့် KIA က တပ်သားအဆင့်မှတပ်ကြပ်ကြီးအဆင့်သို့ ရာထူးတိုးကာ ဂုဏ်ပြုခဲ့သည်။