တပ်ရင်းဌာနချုပ်တွေ တိုက်ခိုက်ခံရတဲ့ မြဝတီမြို့နယ် ၊ သင်္ဃန်းညီနောင် ဒေသမှာ ရှိတဲ့ ဝှေ့ရှမ်းကျေးရွာတဝိုက်ကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။
ဒီနေ့ ဧပြီလ ၄ ရက် မနက် ၅ နာရီခန့်က စပြီး သင်္ဃန်းညီနောင်အနီး ဝှေ့ရှမ်းရွာနဲ့ ဇရပ်ဖြူကုန်းရွာ ကြားကို ဗုံးကြဲသွားတယ်လို့ ဝှေ့ရှမ်းရွာဒေသခံတွေက ပြောပါတယ်။
ဒါအပြင် လက်နက်ကြီးနဲ့ပါ ဆက်လက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“အသံတွေက အိမ်ပါ တုန်ခါနေတာပဲ၊ လက်တစ်ဆုပ်လောက်ရှိတဲ့ရွာကို မနားတမ်းပစ်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၊လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့ ဝှေ့ရှမ်းရွာနဲ့ ဇရပ်ဖြူကုန်းရွာတွေဟာ KNU နဲ့ ပူးပေါင်းတပ်တွေ ရှိနေတဲ့ နေရာမဟုတ်ဘူးလို့လည်း ဒေသခံ ပြည်သူတွေက အသိပေးပါတယ်။
နယ်စပ်မြို့ မြဝတီနဲ့ ၁၀ မိုင်ခန့်သာ ဝေးတဲ့ သင်္ဃန်းညီနောင်ဒေသမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းဌာနချုပ်တွေကို မတ်လ ပထမပတ်ကစတင်ပြီး KNU နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့တာပါ။
ထိုးစစ်အတွင်း သင်္ဃန်းညီနောင်ရွာ အနောက်ဘက်ရှိ အမှတ် ၃၅၅ ခြေမြန်တပ်ရင်းနဲ့ သင်္ဃန်းညီနောင်ရွာအလယ်ရှိ ရဲစခန်းကို သိမ်းယူနိုင်ခဲ့ကြပါတယ်။
ကျန်ရှိနေတဲ့ ဗျုဟာကုန်း နဲ့ ခြေမြန်တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်ရာမှာ နှစ်ဖက်စစ်ရေးပြင်းထန်နေတယ်လို့ သိရပါတယ်။
တပ်ရင်းဌာနချုပ်လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင် စစ်ကူ စစ်ကြောင်းကို မတ်လအတွင်းနှစ်ကြိမ် စေလွှတ်ပေမယ့် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေးထားပါတယ်။
သင်္ဃန်းညီနောင်ဒေသ တိုက်ပွဲတွေကြောင့် သင်္ဃန်းညီနောင် ကျေးရွာအပါအဝင်. ဝှေ့ရှမ်း၊ ပေါလော၊ သံပုရာ၊ ဇရပ်ဖြူကုန်း၊ မဲပလဲ့၊ ဖားချောင်း၊ ရွာသစ်၊ မဲကနယ်၊ မြို့သစ် စတဲ့ ရွာတွေက ဒေသခံ ပြည်သူတွေ စစ်ရှောင်နေကြရပါတယ်။