ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ခြေစိုက် ခမရ ၃၅၅ အခြေစိုက်တပ်ရင်စခန်းကို သိမ်းပိုက်မှုအတွင်း စစ်သားအများအပြားသေဆုံးကာ RPG ၊ စက်သေနတ်အပါအဝင် လက်နက် ၁၄၀ လက်နှင့်ခဲယမ်းအများအပြား သိမ်း ဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။
မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်အချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မ ဟာ ၆ တပ်မဟာစစ်ကြောင်းဦးဆောင်သောတော်လှန်ရေးပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့များက မြဝတီ မြို့ နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၅ စခန်း ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အပြီးအပိုင်းသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ စစ်မော်တော်ယာဥ်ပေါင်း ၆ စီး၊ RPG ၊ NATO စက်သေနတ် အပါအဝင် လက်နက်ငယ်မျိုးစုံပေါင်း ၁၂၇ လက် ၊ 60 mm ၊ 81 mm လက်နက်ကြီးစိန်ပြောင်း မျိုးစုံ ၁၃ လက် ၊ ၎င်းလက်နက်မျိုးစုံတို့၏ ခဲယမ်းကျည်များ ၊ ဆက်စပ်ပစ္စည်းများ နှင့် စစ်အသုံး အဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။