မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု ကဇိုင်းကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ကြောင်း ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဇွန်လ ၄ရက် ည ၇နာရီခန့်တွင် စစ်ကောင်စီ၏ ခလရ(၂၄) ကျုံမိန်၊ အမြောက်တပ်(၄၀၂) အင်းရှည်၊ ခမရ(၂၀၆) ဒူးရင်းဆိပ်၊ အမြောက်တပ်(၅၀၂) မြို့သ်စ၊ အမြောက်တပ်(၆၀၆) မြို့သစ်တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အရပ်သားထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဒေသရှိ ဒူးရင်းဆိပ်ရွာ ဒုံသမိဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၁ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
ယင်သို့ တိုက်ခိုက်ခံရပြီးနောက် ဒေသတွင်း စစ်ကောင်စီတပ်များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီပ်သည် KNU နယ်မြေများအပါအဝင် ဒေသအသီးသီး၌ တိုက်ပွဲဖြစ်ပွားရာ ဒေသများ၌ အရပ်သားများနေထိုင်ရာနေရာများကို ပစ်မှတ်ထားကာ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။