သထုံမြို့နယ်နဲ့ ဘားအံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အသက်၁၂နှစ်အရွယ်ကလေးငယ်နဲ့ အသက် ၈၅နှစ်အရွယ် အဖွားအိုအပါအဝင် ၃ဦး ဒဏ်ရာရပြီး ပြည်သူ့နေအိမ်နဲ့ သာသနာပိုင်အဆောက်အဦး (၁)လုံး ထိခိုက်ခဲ့တယ်လို့ ဒူးသထူခရိုင်(KNU)က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒူးသထူ(သထုံ) ခရိုင်(KNU) အုပ်ချုပ်မှုနယ်မြေ၊ သထုံမြို့နယ်၊ ဓနုကျေးနယ်ရှိ ရွာတွေထဲကို ဧပြီလ ၂၂ရက်နေ့ ည ၁၁နာရီမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၉)ခြေမြန်တပ်ရင်းက လက်နက်ကြီး ၃လုံး ပစ်ခတ်ခဲ့တာကြောင့် မရမ်းကျေးရွာအတွင်း လက်နက်ကြီး ၁လုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦးရဲ့ နေအိမ် လက်နက်ကြီး ကျည်စ ထိမှန်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၂၀ရက်နေ့မှာလည်း ဖားအံမြို့နယ်(KNU)ရှိ အရပ်သားနေထိုင်ရာ ရွာတွေထဲကို (Y-12)လေယာဥ်နဲ့ ည ၈နာရီခွဲမှ ၉နာရီ ၂၀မိနစ်အကြာထိ လက်နက်ကြီး ၁၇လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့်ထီးနူရွာနေ အသက် ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦး ညာဘက် လက်မောင်းထိမှန်နဲ့ အသက် ၈၅နှစ်အရွယ် အဖွားအိုရဲ့ ညာဘက်လည်ပင်းရှပ်ထိပြီး ညာဘက်ခြေထောက် ခြေဖမိုး ခြေကြောပြတ်ကာ ဘယ်ဘက်ခြေချောင်း နှစ်ချောင်းတို့ကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ပြီး ထီးနူရွာဘုန်းကြီးကျောင်းဝန်းရှိ နှစ်ခန်းတွဲ အိမ်သာ ၁လုံးတို့ကို ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ပိန္နဲတောတပ်စခန်းက ဧပြီလ ၁၈ရက်နေ့မှာလည်း သထုံမြို့နယ်(KNU)၊ မင်းလွင်ကျေးနယ်ရှိ ရွာတွေထဲကို လက်နက်ကြီး ၄လုံး ပစ်ခတ်မှုကြောင့် ဝမ်းဘဲအင်းကျေးရွာနေ ပြည်သူတစ်ဦးရဲ့ ဆိုင်ရှေ့ကို ၁လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဆိုင်ပိုင်ရှင်ရဲ့ ဆီပုံး (၅)ပုံးနဲ့ တစ်ရွာထဲနေ ပြည်သူတစ်ဦးပိုင်တဲ့ ကား ၂စီး ထိမှန်ပျက်စီးပြီး ဆိုင်ရှင်ရဲ့ ဖခင်ဖြစ်သူမှာ ညာဘက်ခြေသလုံး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။