မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းက သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်မှ ည ၉ နာရီ ၁၀ မိနစ်အထိ လက်နက်ကြီး ၂၃ လုံး ပစ်ခတ်ခဲ့ရာ ပန်းအောင်ကုန်းရွာအနီး လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲပြီး ဆိုင်ကယ် စီးနင်းလာသော အဝန်းကြီးရွာမှ အသက် ၄၆ နှစ်အရွယ် စောလာအော ဦးခေါင်းနှင့် ခြေထောက်တို့ကို လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ရွှေရောင်ပြကျေးရွာတွင်လည်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး နွား ၃ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၃၇ မိနစ်မှ ည ၉ နာရီ ၂၀ မိနစ်အထိ အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်းမှ လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးနယ်၊ ရွှေရောင်ပြရွာထဲကို လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၆ လုံးပျက်စီးကာ ည ၅ နာရီခန့်လည်း ခမရ-၂၀၆ တပ်ရင်းမှ လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၁၇ မိနစ်မှ နံနက် ၁၁ နာရီအထိ အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းနှင့် ခလရ-၈ တပ်ရင်း တို့မှ လက်နက်ကြီး ၃၁ လုံးဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်ခတ်ခဲ့သောကြောင့် ဒေါက်ရပ်ကျေးနယ်၊ ဒေါက်ရပ်ရွာထဲကို လက်နက်ကြီး ၁၅ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၇၀ အရွယ် ဦးဝင်းဖေ ညာလက်ကောက်ဝတ် လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။