မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအထွက်တွင် မိုင်းပေါက်ကွဲပြီး ရထား ၁ စီး တိမ်းမှောက်ခဲ့ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောကြားသည်။
ယနေ့ မတ်လ ၁၈ ရက် နံနက် ၇ နာရီကျော်တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့နယ်၊ ကလိကျေးရွာသို့ သွားရောက်မည့် တွဲဆိုင်း ၁၄ ဆိုင်းပါ ကျောက်တင် မီးရထား ၁ စီး သည် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအထွက် မိုင်တိုင်အမှတ် ၁၂၂/၃ နှင့် ၁၂၃/၁ အကြား ပေါင်းကူး တံတား အရောက်တွင် မိုင်းပေါက်ကွဲပြီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် တံတားဘယ်ဘက် အောက်ခံ အုတ်ခုံဘောင်နှင့် ရထားလမ်း ပေ ၂၀ ခန့် ပျက်ဆီးခဲ့ပြီး ရထားသံလမ်းအဆက် ပြုတ်ထွက်ကာ တွဲဆိုင်း ၂ တွဲ လမ်းချော်၍ ၅ တွဲ တိမ်းမှောက် ခဲ့ကြောင်း၊ ယင်းရထား တိမ်းမှောက်မှုအတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
“MBDHV ရထားအခေါ်အဝေါ် ဇလား တွဲ ၄ တွဲနဲ့ GBHV (L.V) ဘရိတ်၊ ရထားထိန်း ဂတ်ဗိုလ်တွဲ ၁ တွဲ ပါတယ်၊ ရထားကို မတင်မယ့် T -60 ကရိန်း ကုလားခေါင်းနဲ့ ရန်ကုန်ကနေ ထွက်သွားပါပြီ” ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ရထား တိမ်မှောက်မှုကြောင့် မော်လမြိုင်မှ ထွက်လာသည့် 82DN ၊ ရန်ကုန် မှ ထွက်လာသည့် 81UP ရထားများနှင့် မီးရထား BT ကျောက်ရထား/ကုန်သည် စီးပွား ကျောက်ရထားများ လမ်းပိတ်မိနေကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။