အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ရောက်ခဲ့တဲ့ ရန်ကုန်က သန်လျင်တံတား ဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ဖို့ စီစဉ်တယ်ဆိုပြီး အမျိုးသမီး ၁ဦးအပါအဝင် လူငယ် ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
အဲဒီလူငယ် ၉ ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တွေအတွင်းမှာ ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီက မနေ့ညပိုင်းက သတင်းထုတ်ပြန်တာပါ။
စစ်ကောင်စီရဲ့ဖော်ပြချက်အရတော့ ဖမ်းခံရသူ လူငယ် ၉ ဦး ဟာ အသက် ၁၈ နှစ်ကနေ ၃၂ နှစ်ကြား လူငယ်တွေဖြစ်တာတွေ့ရပါတယ်။
သူတို့တွေဟာ မြေအောက်တော်လှန်ရေးအဖွဲ့ Brigate Drone Force PDFအဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပါတယ်။
တံတားဖွင့်ပွဲကိုတိုက်ခိုက်ဖို့ ဒဂုံဆိပ်ကမ်း မြို့နယ် ၊ပဲခူးမြစ်ဘေးကနေ ရှော့တိုက်ဒုံးပစ်ခတ်ဖို့. စီစဉ်ခဲ့ကြတာလို့စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားတာတွေ့ရပါတယ်။
ပဲခူးမြစ်ကူး သန်လျင်တံတား − အမှတ် ၃ ဖွင့်ပွဲကို ဇွန်လ ၈ ရက်က မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ခေါင်းဆောင် နဲ့ သူရဲ့အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။