ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ (၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်းနဲ့ ဗိုလ်မိုးလမ်းဆုံမှာ မပေါက်ကွဲသေးတဲ့ဗုံး လာရောက် ရှာဖွေစဉ် ပေါက်ကွဲမှု ဖြစ်ပွားလို့ စစ်ကောင်စီတပ်သား တချို့ ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့၊ မနက် ၁၀ နာရီခွဲကျော်က ဗိုလ်ချုပ်ရွာ၊ တပင်ရွှေထီးလမ်းမပေါ် မနေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်သားများ ရှာဖွေစစ်ဆေးစဉ် ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့တာလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“ပေါက်ကွဲသံ ထွက်လာပြီး သိပ်မကြာဘူး ဆေးရုံကားတွေ ရောက်လာတာ တွေ့တယ်။ သူတို့ ရှာနေတဲ့ နားတော့ သွားပြီး ကြည့်လို့ မရတော့ ကျန်တာတောာ့ မသိဘူး။ ဘယ်နှစ်ယောက်လောက်ထိလဲ ဆိုတာလဲ သေချာတော့ မသိရသေးဘူး” လို့ သူကပြောပါတယ်။
စစ်ကောင်စီ အာဘော် မီဒီယာတွေမှာတော့ တပင်ရွှေထီးလမ်းဘေး အမှိုက်ပုံမှာ ထမင်းချိုင့်ထည့်တဲ့ အိတ် အနက် ၂ ခုအတွင်း မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၂ လုံးတွေ့လို့ အတားအဆီးပြုလုပ် ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် ၄ ခုမှာ မနေ့ညက ဗုံးစစ်ဆင်ရေးကို Anonymous Fighters Force- AFFမှ ဦးဆောင်ကာ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊ Emerald Girls Army – EGA ၊ Rangoon Urban Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။