မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းပိုင်းပေါ်ရှိ ချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ယနေ့(ဒီဇင်ဘာ၂၇ရက်)နံနက် ၈နာရီခွဲခန့်ကတစ်ကြိမ်၊ ၉ နာရီခန့်တွင် တစ်ကြိမ် ဂျက်ဖိုက်တာ လေးစီးဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ချောင်းကြီးကျေးရွာသည် ဒီဇင်ဘာ ၂၅ ရက်က PDFများ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရသည့် စစ်ကောင်စီပွိုင့်ကုန်းနှင့် မနီးမဝေးတွင် တည်ရှိသည်။
“ခုမနက် အဲ့စခန်းကုန်းဘက်နဲ့ ငါးတန့်အိုင်ဘက်ကို ဂျက်က ၄စီးလာတယ်။ တစ်စီးက ပြန်ပြီး ကျန်သုံးစီးက တိုက်ခိုက်တာ။ ချောင်းကြီးက ကိုယ့်အဖွဲ့တွေက ဘေးကင်းတယ်။ ပြည်သူထိတယ်။ ခွေး(စစ်ကောင်စီတပ်သားကိုဆိုလို)ထိတယ်။”ဟု ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ချောင်းကြီးရှိ ပြည်သူများ ရွာလုံးကျွတ်တိမ်းရှောင်နေရသည်။
“အရင်ရင်တွေကတည်းက ချောင်းကြီးအရှေ့ဘက်က တောင်ပေါ်တွေမှာ တိုက်ပွဲဖြစ်တာ။ မနက်ကလေယာဥ်လာဝဲကတည်းက ပြေးကြတာ။ ထိခိုက်မှုတွေတော့ မသိရသေးဘူး။”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၅ ရက် ညနေ ၄နာရီခန့်က သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာအနီးရှိ စစ်ကောင်စီပွိုင့်ကုန်းအား ဒေသတွင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
ဖြစ်စဥ်တွင် စစ်ကောင်စီတပ်အထိနာ၍ စခန်းကုန်းနှင့်အနီးတဝိုက်အား လေကြောင်းဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။