မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်း တစ်လျှောက်ကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သပိတ်ကျင်းမြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မောင်းနှင်လာသော အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၆ စီးပါ ရေယာဥ် အုပ်စုသည် မြစ်ကြောင်း တစ်လျှောက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လာသောကြောင့် ပြည်သူ ၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” စစ်ခွေးတွေက ဧရာ၀တီမြစ်ကမ်း တစ်လျှောက်လုံးကို ပစ်တာပါ။ လက်နက်ကြီး လက်နက်ငယ်တွေ အစုံပါတယ်။ မန္တလေးတိုင်းဘက်ကို မပစ်ဘူး။ စစ်ကိုင်းတိုင်းမြစ်နောက်ဘက်ကိုပဲပစ်တာ ထွက်ပြေးနေရတဲ့ ပြည်သူတွေက ရွာတွေထဲမှာနေတာ မဟုတ်ဘုး မြစ်ကမ်းဘေးနားမှာ အိမ်လေးတွေ ဆောက်ပြီး နေတဲ့သူတွေ အကုန်ရှောင်နေရတာ ပြည်သူ ၈၀၀ ကျော်လောက်တော့ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် စစ်င်္ဘော ၅ စီးသည် သပိတ်ကျင်းမြို့ ဆိပ်ကမ်း၌ ကမ်းကပ်ထားပြီး ကျန် သင်္ဘော ၁ စီးသည် ဧရာဝတီမြစ်ကြောင်းအတွင်း လှည့်ပစ်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။