သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတဝိုက်ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောတယ်။
စော်ဖျားကျေးရွာတဝိုက်ကို မနက် ၉ နာရီခွဲဝန်းကျင်လောက်မှာ MI-2 ရဟတ်ယာဥ်နဲ့ သုံးကြိမ်လောက် ဗုံးကြဲသွားတာလို့ ဒေသခံတွေပြောပြပါတယ်။
“ကြဲသွားလိုက်၊ ပြန်ပတ်ပြီး လာကြဲလိုက်လုပ်နေတာပါ။ ဗုံးသီးက နှစ်ဆယ်ကျော်သုံးဆယ်လောက်ရှိပြီ” လို့ သရက်ချောင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အခုဗုံးကြဲတိုက်ခိုက်မှုဟာ သရက်ချောင်းမြို့နယ်အတွင်း ပထမဆုံးအကြိမ် လေကြောင်းက တိုက်ခိုက်မှု ဖြစ်ပါတယ်။
၁၀ နာရီခွဲလောက်မှာတော့ ရဟတ်ယာဥ်ဝဲတဲ့အသံမကြားရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုကြောင့် စော်ဖျားရွာ၊ ကင်းရှေ့ရွာနဲ့ အနီးအနားတဝိုက်ကကျေးရွာတွေမှာနေထိုင်တဲ့ဒေသခံတွေ နီးစပ်ရာကိုအရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုမလုပ်ဆောင်ခင် ဒီနေ့မနက်အစောပိုင်းမှာတော့ စော်ဖျားရွာအနီးက ရောင်းမော်ရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကိုတော့ တိုက်ပွဲငြိမ်သွားတဲ့အချိန်မှာ စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကိုလည်း ပြီးခဲ့တဲ့လအတွင်းမှာ K-8W တိုက်လေယာဉ်နဲ့ MI – 2 ရဟတ်ယာဥ်တွေကိုအသုံးပြုပြီး စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးတာနဲ့ အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။