စစ်ကောင်စီတပ်သားနဲ့ ပျူစောထီတွေ စခန်းချနေတဲ့ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာက စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဖယ်ဒရယ်စစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောပါတယ်။
“ပျူစောထီးထဲကပဲ သတင်းပေးလို့ စခန်းအခြေအနေအတိအကျရပြီး ဝင်တိုက်တာပါ။ တိုက်ပွဲမှာတော့ ပျူစောထီးငါးယောက်သေတယ်။ စခန်းကိုလည်း မီးရှို့လိုက်တယ်” လို့ ဒုစစ်ကြောင်းမှူးက ပြောပါတယ်။
အဲ့ဒီစခန်းက ကျောက်ဆည်ရွာ ဘုရားကုန်းမှာရှိပြီး ဒီကနေ့မနက် ၅ နာရီ ၄၅ မိနစ်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နာရီနီးပါးအကြာမှာ စခန်းကို သိမ်းပိုက်ရရှိခဲ့တာလို့ စစ်ကြောင်းမှူးထံက သိရပါတယ်။
တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့စခန်းဟာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးစုစုပေါင်း ၂၀ ဦးခန့်တပ်စွဲထားတဲ့စခန်းဖြစ်ပြီး ကျန်တဲ့စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကတော့ ထွက်ပြေးသွားတယ်လို့ ကိုမင်းထက်က ဆိုပါတယ်။
ဒါ့အပြင် သိမ်းမိခဲ့တဲ့စခန်းကနေ M-16 သေနတ်တစ်လက်၊ ကာဘိုင်သေနတ်တစ်လက်၊ လက်ပစ်ဗုံး ရှစ်လုံး၊ ကျည်ဆံနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းမိခဲ့တယ်လို့ စစ်ကြောင်းမှူး ကိုမင်းထက်ရဲ့ပြောပြချက်အရသိရပါတယ်။
တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ဖယ်ဒရယ်စစ်ကြောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းထားတဲ့ စစ်ကြောင်း ဖြစ်ပါတယ်။
ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ တချိန်တည်းမှာပဲ လေးမိုင်ခန့်အကွာမှာရှိတဲ့ ပဲဒက်ရွာက ပျူစောထီးစခန်းကိုလည်း တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကိုမင်းထက်က ပြောပါတယ်။
စခန်းသိမ်းပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်လာတာမျိုး မရှိသေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အခုလ ၂ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ရောင်းမော်ရွာက စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။