တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို တိုက်ခိုက်ခဲ့ပြီး တပ်ကူလာသည့်ယာဥ်ကိုပါ မဟာမိတ်ညီနောင်များနှင့်အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က ယနေ့(ဇန်နဝါရီ ၆)ထုတ်ပြန်သည်။
ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီခန့်က သရက် ချောင်းနယ်၊ ပန်းပြင်ရွာနှင့် သရက်နှစ်ခွကျေးရွာကြားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၍ သုံးဦးဒဏ်ရာရသွားပြီး မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်သုံးဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။
“ပွဲဖြစ်တာက သရက်ချောင်းမြို့နယ် ထဲမှာပါ ခင်ဗျား။ မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေး လုပ်ခဲ့ကြတာပါ”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ရှိနေပြီး တိုက်ခိုက်ခံရပြီးနောက် ယင်းနေ့(ဇန်နဝါရီ ၁)နေ့လယ် ၁ နာရီခန့်တွင် သရက်ချောင်းမြို့ဘက်မှ အင်အား ၃၀ ခန့်ဖြင့် တပ်ကူလာရောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယာဥ်သုံးစီးဖြင့် တပ်ကူလာသော ယာဥ်တန်းကို မိုင်းကွင်းဆင်၍ အသင့်စောင်းဆိုင်းကာ ကဇိကျေးရွာလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နောက်ထပ်စစ်ကောင်စီတပ်သား သုံးဦးသေပြီး နှစ်ဦးထက်မနည်းဒဏ်ရာရသွားကြောင်း ဖော်ပြသည်။
ထို့နောက် စစ်ကောင်စီတပ်သားများက ခြေကျင် လျှောက်၍ ဆက်လက်ထွက်ခွာလာရာ နေ့လယ် ၂ နာရီခန့်၌ ပန်းပြင်ကျေးရွာ စာသင်ကျောင်းအနီး မိုင်းဆွဲတိုက်ခိုက်သည့်အပြင် အပြန်အလှန်ပစ် ခတ်ချိန် မိနစ် ၃၀ခန့်ကြာမြင့်ကြောင်း LLPDF မှ အသိပေးသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးခန့်သေဆုံး၍ ပူးပေါင်းတပ်ဖွဲ့မှရဲဘော်များဟအထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။
သရက်ချောင်းမြို့နယ်အတွင်း ဖော်ဆောင်ခဲ့သော အထက်ပါ ပူးပေါင်းစစ်ဆင်ရေးတွင် LLPDF၊ သရက်ချောင်း(ပကဖ)၊ ဒေါင်းမင်းစစ်ဆက်ရေး၊ သရက်ချောင်းပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DDT နှင့် စစ်ကြောင်းအဖွဲ့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၃ဖွဲ့ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။