သရက်ချောင်းမြို့နယ်က မြို့မရဲစခန်းဒီကနေ့ မနက်က တိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
မနက် ၅ နာရီလောက်က အလစ်ငိုက်တိုက်ခိုက်ခံရတာဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွါးခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
ပစ်ခတ်မှုပြီးနောက်မှာ လုံခြုံရေးတင်းကြပ်တာတွေ မရှိသလို ရဲစခန်းကရဲတွေလည်း စခန်းအပြင်ထွက်တာ သိပ်မတွေ့ရဘူးလို့ ၎င်းတို့က ဆက်ပြောပါတယ်။
“ပုံမှန်ဆို လက်နက်ကိုင်ပြီး ယူနီဖောင်းမဝတ်ဘဲ ဒီလိုပဲ မြို့ထဲပတ်သွားနေကြတာ။ ခုထိတော့ ဘာမှ စစ်ဆေး မရှိ။ အုပ်ကြီးတွေတော့ ဝင်ထွက်များနေတယ်။” လို့ မြို့ခံအမျိုးသားတစ်ဦးက အခုမွန်းတည့် ၁၂ နာရီမတိုင်ခင်မှာပဲ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် သရက်ချောင်းမြို့ရေတံခွန်ဘက်ကို မြို့မရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ လည်း မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီလို ပစ်ခတ်တာတွေကြောင့် မြို့ခံအမျိုးသားတစ်ဦးကတော့ မိသားစုတွေ ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်တာတွေ လုပ်ထားရပြီလို့ ဆိုပါတယ်။
မနက်က ပစ်ခတ်မှုမှာ ရဲတပ်သားထိခိုက်မှုရှိသလို အရပ်သားထိခိုက်မှုလည်း ရှိတယ်လို့ သိရတဲ့အတွက် ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
သရက်ချောင်းရဲစခန်းက သူတို့စခန်းအရှေ့လမ်းကနေ ဖြတ်သန်းသွားလာသူတွေကို တခါတရံ စစ်ဆေးတာ၊ ငွေကြေးတောင်းယူတာတွေ ရှိသလို ဖမ်းဆီးတာတွေလည်း လုပ်ဆောင်လေ့ရှိပါတယ်။