သရက်ချောင်းမြို့နယ်ထဲက ကတွဲရွာထဲကို စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ဒီကနေ့ ညနေပိုင်းက ဝင်ရောက်လာပြီး ဒေသခံတစ်ဦးရဲ့ နေအိမ်တစ်ဆောင်ကို မီးရှို့ခဲ့ပါတယ်။
ညနေ ၅ နာရီဝန်းကျင်ကဝင်ရောက်လာတဲ့ အဆိုပါ စစ်ကြောင်းဟာ သရက်ချောင်းမြို့နယ်အောက်ဘက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြစ်ပြီး ကတွဲရွာကို ရုတ်တရက်ရောက်လာပြီး အခုလိုလုပ်ဆာင်နေတာလို့ အနီးပတ်ဝန်းကျင်ရွာရှိ ဒေသခံတွေက ပြောပါတယ်။
“သူတို့ဝင်လာတာ ရွာသားတွေတောင်မသိဘူးတဲ့။ ရှို့ထားတာ တစ်ဆောင်ပါ။ သူတို့ (စစ်ကောင်စီတပ်သားတွေ) ရွာထဲမှတော့ ရှိနေသေးတယ်” လို့ အနီးအနားရွာကဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုမီးရှို့ခံလိုက်ရတဲ့အိမ်ကတော့ ကတွဲရွာခံ ဦးပြုံးချိုဆိုသူရဲ့နေအိမ်ဖြစ်တယ်လို့ သိရပါတယ်။
ကတွဲရွာထဲရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပိတောက်ကြီးရွာတဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ စစ်ကြောင်းထဲက အင်အားတချို့တဝက်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံတွေ ပြောပြချက်အရ ကတွဲရွာထဲကိုရောက်နေတဲ့ စစ်ကောင်စီတပ်သား အင်အားက ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ဝင်လာတာကြောင့် ရွာသားတချို့ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပေမဲ့ တချို့ကလည်းရွာထဲမှာပဲရှိနေကြသေးတယ်လို့ သိရပါတယ်။
ကတွဲရွာနဲ့ကပ်ရပ်ရွာက စစ်ကောင်စီတပ်သားတွေ သုံးလကျော်ကြာတပ်စွဲနေထိုင်ခဲ့တဲ့ ရငဲရွာဖြစ်ပါတယ်။ဒါကြောင့် ဒေသခံတွေကတော့ အခုစစ်ကြောင်းတွေ ရငဲရွာကိုပြန်ဝင်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကလည်း ရေဖြူအနောက်ဖက်ကမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ခမောင်းချောင်းရွာထဲက နေအိမ် ၅ ဆောင်လောက်ကို မီးရှို့ခဲ့ပါတယ်။