သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းပေါ်မှာ လမ်းသွားလမ်းလာယာဥ်တွေကိုစစ်ဆေးချိန် စစ်ကောင်စီထုတ် ဒဂုံဘီယာတွေကို ဖမ်းမိတယ်လို့ သိန်းငှက်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (Falcon PDF) တာဝန်ရှိသူက ပြောပါတယ်။
မနေ့က ညနေ ၃ နာရီလောက်မှာ ထားဝယ်ကနေမြိတ်ကိုသွားမယ့် ကုန်တင်ကားတစ်စီးပေါ်မှာ ဒဂုံဘီယာ ၁၀ ဖာနဲ့ အာမီရမ် တစ်ပုလင်းတို့ကိုဖမ်းမိခဲ့တာပါ။
“အာမီရမ်ကတော့ လမ်းမှာစစ်တပ်တောင်းရင်ပေးဖို့ သယ်လာတာလို့ ပြောတယ်ဗျ။ ဖမ်းမိတာတွေအားလုံးကိုတော့ နေရာမှာပဲ ဖျက်ဆီးလိုက်တယ်” လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဘီယာတွေ သယ်ဆောင်လာတဲ့ကားကိုတော့ ဒဏ်ငွေ လေးသိန်းခွဲပေးဆောင်စေပြီးနောက် နောက်ထပ် မသယ်ဆောင်ဖို့ သတိပေးပြီး ပြန်လွှတ်လိုက်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မနေ့ကညနေပိုင်းမှာပဲ မြိတ်ကနေထားဝယ်ကိုလာတဲ့ ခရီးသည်တင် ကားတစ်စီးပေါ်မှာ ဌာနဆိုင်ရာနဲ့ ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းရမိလို့ ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
အခုလ ၄ ရက်နေ့ကလည်း ထားဝယ်-မြိတ်ကားလမ်းပေါ်က အောက်သရက်ချောင်းကျေးရွာလမ်းဆုံမှာ မူးယစ်ဆေးနဲ့ အရက်အများအပြားကို သိန်းငှက်ပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က လာမယ့်နှစ်လအတွင်း စစ်ကောင်စီထုတ် အရက်ဘီယာနဲ့ စီးကရက်တွေ လက်ရှိရောင်းအားရဲ့ ၇၀ ရာခိုင်နှုန်းအထိထိုးကျသွားဖို့ ဦးတည်ပြီး ပြည်သူတရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ကြဖို့ နှိုးဆော်ထားပါတယ်။