သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒီနေ့မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူဟာ အသက်၅၇ နှစ်အရွယ် ဦးစိုးဝေဆိုသူဖြစ်ပြီး ဒီကနေ့မနက် ၉ နာရီအချိန်ခန့်က ဆင်စွယ်ချောင်းရွာမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။
“သူကဆံပင်ညှပ်သွားတာ လမ်းမှာပစ်ခတ်ခံလိုက်ရတယ်။ ဒီရွာတစ်ကြောမှာ သူက ခေါင်းဆောင်ပဲ။ ပြည်သူ့စစ်တွေဆိုတာ သူ့အုပ်ချုပ်မှုအောက်မှာပဲရှိတယ်။ စစ်ကြောင်းတွေလာရင်လည်းအမြဲပါတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဦးစိုးဝေဟာ NLD အစိုးရလက်ထက်မတိုင်ခင်ကတည်းက ပဲဒက်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ သူ့ကိုဘယ်အဖွဲ့ကပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဦးစိုးဝေဟာ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တယ်လို့ နာမည်ကြီးသူဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က သတိပေးခဲ့ဖူးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီက အားကိုးအားထားရတဲ့သူ အသတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ကျေးရွာအတွင်း စစ်ကောင်စီတပ်က အကြမ်းဖက်လုပ်ရပ်တွေ လုပ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ပဲဒက်ကျေးရွာဟာ အစိုးရအဆက်ဆက် ပြည်ခိုင်ဖြိုးပါတီကိုထောက်ခံအားပေးမှုအများဆုံးမြို့နယ်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေတပ်စွဲအခြေချနေတဲ့ ရွာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလက ပဲဒက်ကျေးရွာက ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်တွေဟာ ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။