သရက်ချောင်းမြို့နယ်က ကျေးရွာသုံးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့မနက်မှာ စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ပစ်နေလို့ ဒေသခံတွေ မိုးထဲလေထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ရငဲရွာထိပ်က မြွေတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျွဲမင်းကုန်းရွာ၊ ကနက်သီရိရွာနဲ့ ကျောက်ခမောက်ရွာတွေထဲကို မနက် ၉ နာရီလောက်ကစပြီး စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေကပြောပါတယ်။
“ဒီနေ့က ဥပုသ်နေ့လေ။ ဥပုသ်သည်တွေရောပြေးနေရတာတအားပဲ။ ညီမတို့ဘက်မှာ ၂ ရက်၊ ၃ရက်လောက်ရှိပြီ မိုးကလည်းတအားကောင်းနေတယ်။” လို့ စစ်ရှောင်တွေထွက်ပြေးလာတဲ့အနီးအနားရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိအရေးပေါ်စစ်ဘေးရှောင်နေရတဲ့ရွာတွေဟာ ကမ်းခြေရွာတွေဖြစ်ပြီး အခုရက်ပိုင်း ရက်ဆက်မိုးကြီးနေတာကြောင့် စစ်ဘေးရှောင်ဖို့အတွက် ရေလမ်းကိုလည်းအသုံးမပြုနိုင်ဘဲ နေရာထိုင်ခင်း အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ လက်နက်ကြီးပါပစ်ပြီး စစ်ကြောင်းထိုးဝင်နေတာအပြင် ကျွဲမင်းကုန်းရွာက နေအိမ်တွေကိုလည်း မွှေနှောက် ရှာဖွေတာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာ စစ်ကောင်စီတပ်သားတချို့က ကျွဲမင်းကုန်းရွာ စာသင်ကျောင်းမှာတပ်စွဲထားပြီး တချို့ကတော့ နေအိမ်တွေကိုမွှေနှောက်တာနဲ့ စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“သူတို့မှာအစာရေစာပဲမရှိတော့တာလား၊ ဒါမှမဟုတ် တပ်ပြောင်းခါနီးမို့လား မသိတော့ပါဘူး။” လို့ ရငဲရွာခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။