သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့လက ဖမ်းမိထားတဲ့ မူးယစ်ဆေးပြား ခုနစ်ထောင်နီးပါးကို သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Falcol TYC PDF)က ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
အဲဒီမူးယစ်ဆေးတွေဟာ ပြီးခဲ့တဲ့သြဂုတ်လ ၃ ရက်နေ့က သရက်ချောင်းဘက်ကနေ ပုလောဘက်ကိုသွားတဲ့ ဆိုင်ကယ်စီးအမျိုးသားနှစ်ယောက်ဆီက ဖမ်းမိထားတဲ့ WY အလုံးရေ ၆၈၀၀ နဲ့ ICE အမျိုးအစား မူးယစ်ဆေး ၂ ထုပ်တို့ဖြစ်ပါတယ်။
“ဆေးတွေကိုဖမ်းပြီးကတည်းက ထိန်းသိမ်းထားတာ။ ရာသီဥတုဒဏ်ကြောင့် ထိန်းသိမ်းရခက်လာတယ်။ အပေါ်ကလည်း ညွှန်ကြားချက်ဘာမှ မရလို့ မီးရှို့လိုက်တာပါ” လို့ သိန်းငှက်ပြောက်ကျားအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
တာဝန်ရှိသူပြောတဲ့ “အပေါ်က” ဆိုတာက သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကို ဆိုလိုတာ ဖြစ်ပါတယ်။
မူးယစ်ဆေးနဲ့အတူ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးကိုတော့ နှစ်ရက်ခန့် ဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးတာတွေပြုလုပ်ခဲ့ကာ မိဘဆွေမျိုးတွေဆီကို ခံဝန်ကတိလက်မှတ်တွေနဲ့ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သရက်ချောင်းမြို့နယ်ဧရိယာထဲက ထားဝယ်-မြိတ်ကားလမ်းပေါ်မှာ မူးယစ်ဆေးအပြင် စစ်ကောင်စီထုတ် အရက်ဘီယာတွေကိုလည်း ဖမ်းဆီးတာ၊ ဖျက်ဆီးတာတွေ မကြာခဏလုပ်ဆောင်နေပါတယ်။
ကျွန်းစုမြို့နယ်မှာလည်း အမျိုသားသုံးဦးဆီကဖမ်းမိထားတဲ့ WY ဆေးပြား တစ်ထောင်ကျော်ကို အခုလအစမှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။