တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ စစ်ကောင်စီ၏ ပဲဒက်စခန်းကို စစ်တပ်ကကြည်းရေလေသုံးခုခံသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လေးရက်ကြာထိုးစစ်ဆင်ပြီးနောက် ယနေ့(မေလ ၈ရက်) နံနက်တွင် သိမ်းပိုက်ယူရရှိခဲ့သည်။
“မေလ ၅ ရက် မနက်ကစပြီး တိုက်တာ။ စတိုက်ကတည်းကလေကြောင်းကရောလက် နက်ကြီးပါ ပစ်ပြီးခုခံတာ။ လေယာဉ်နဲ့ ဗုံးအလုံး ၁၀၀ ကျော်အထိ ကြဲတာ။ အခုက စခန်းကို ရပါပြီ။စခတွေဘက်က သေဆုံးတာများသလို အရှင်ဖမ်းမိတာလည်းအများကြီးရှိပါတယ်” ဟု ကာကွယ်ရေးရဲဘော်များနှင့်နီးစပ်သောစစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။
ပဲဒက်တပ်စခန်းသည် သရက်ချောင်းမြို့၏ စစ်ကောင်စီအဓိကစခန်းဖြစ်သည်။စစ်ကောင်စီက K8W ဂျက်ဖိုက်တာနှင့် Mi-2 ရဟတ်ယာဉ်တို့ဖြင့် လေးရက်ဆက် ဗုံးကြဲချတိုက်ခိုက်ခဲ့သလို ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
“ဒီနေ့မနက်အထိ လေကြောင်းကနေလာပစ်နေတာပါ။ အဲဒီကြားထဲကနေ စခန်းကိုသိမ်း ပိုက်ခဲ့တာပါ” ဟု PDF တစ်ဦးက People’s Spring သို့ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။
“ခရီးသွားပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေတဲ့ ပဲဒက်ခွေးခြံမှ အကောင်နှစ်ဆယ်ကျော်ထ္မင်းကျွေးပြုစုပြီး ကိုးကွယ်ဖို့. ပင့်ဆောင်”ဟု KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့် အသိပေးရေးသားထားသည်။
သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီလက် အောက်ခံ ကျောက်ဆည်ပျူစခန်း၊ ပဲဒက်တပ်စခန်းနှင့် စစ်တပ်တပ်စွဲထားသောဝင်းဝရဲစခန်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်များက မေ ၅ ရက်နေ့နံနက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါ စစ်ကောင်စီလက်အောက် ခံ စခန်းသုံးခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်သုန့်ပန်းများအရှင်ဖမ်းမိခြင်း၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခြင်းများရှိခဲ့ကာ အခြေနေအသေးစိပ်ကို တောင်ပိုင်းစစ်ဒေသမှ အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးမှူးတစ်ဦးက လူထုနွေဦးသို့ ပြောကြားသည်။