အကြမ်းဖက်စစ်ကောင်စီရဲ့ သရက်မြို့အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို ကိုယ်ကျိုးစီးပွားအတွက် ကွမ်းယာရောင်းတာ ၊ ထမင်းဟင်းချက်ပြုတ် ခိုင်းတာ အစရှိတာတွေအတွက် အဓမ္မခိုင်းစေမှုတွေပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ အခုလို အတင်းအဓမ္မစေခိုင်းတာတွေကို မပြုလုပ်ပေးပါက ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်တာ၊ ပါဆယ်ပို့ခွင့်ပိတ်မယ်လို့ ခြိမ်းခြောက်စေခိုင်းမှုတွေ လည်းရှိနေသလို ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေရဲ့ ထောင်ဝင်စာပါဆယ် ပစ္စည်းတွေကိုလည်းဖြတ်တောက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သရက်အကျဉ်းထောင်မှာ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတွေအားနည်းတာအပြင် အပူပြင်းနေတဲ့ကာလမှာတောင် သတ်မှတ်အချိန်အတိုင်းရေချိုးခိုင်တာကြောင့် နိုင်ငံရေး အကျဉ်းသူ တွေဟာ ဖျားနာတာ၊ အရေပြားရောဂါ ပြဿနာတွေ ကြုံတွေ့ကြရတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအတွက် နိုင်ငံရေးအကျဉ်းသူများ အဖွဲ့မှ တရားမျှတမှုများ ပေါ်ပေါက်တဲ့အထိ နိုင်ငံရေးအကျဉ်းသူတွေနဲ့အတူ ကူညီဆောင်ရွက်သွား မယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ထုတ်ပြန်ပါတယ်။