မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ သာကြီးတောင်ရေနံမြေရဲစခန်းမှ သူလျှို PDFရဲဘော်နှစ်ဦး လက်နက်ခဲယမ်းများသယ်ဆောင်၍ ထွက်ပြေးလွတ်မြောက်လာကြောင်း မြိုင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။
မတ်လ ၁၃ရက် ညနေ ၅နာရီခွဲခန့်က ပခုက္ကူ မြို့နယ်၊ ကမ္မတိုက်နယ်ရှိ သာကြီးတောင်ရေနံမြေရဲစခန်းမှ သူလျှို PDF ရဲဘော်နှစ်ဦးသည် BA63 (G3) သေနတ် ၃လက်နှင့် BA 94 ( Uzi) တစ်လက်အား အလစ်အငိုက်၌ ယူဆောင်ထွက်ပြေးလာခဲ့ကြောင်း မြိုင်ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မနိုင်မနင်းထမ်း၍ ထွက်ပြေးလာစဉ် နောက်မှ လိုက်လံပစ်ခတ်သောကြောင့် သေနတ် ၄ လက်အနက်မှ BA 94 (Uzi) သေနတ် မှာ ပြုတ်ကျကျန်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
နောက်မှလိုက်လံပစ်ခတ်သည့် စစ်အုပ်စုကို မြိုင်ပကဖ ကာကင်းမှ ပြန်လည်ပစ်ခတ် သောကြောင့် ရဲဘော်နှစ်ဦး အထိအခိုက်မရှိဘဲ သေနတ် ၃လက်နှင့်အတူ ဘေးကင်းရာသို့ ရောက်ရှိခဲ့ကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။
အဆိုပါ ရဲဘော်နှစ်ဦးမှာ အသက် (၄၀)နှင့် (၂၀) ကျော်အရွယ်ဖြစ်ပြီး မြိုင်ပကဖက စနစ်တကျ သင်တန်းပေးထားသော မြိုင်ပကဖနှင့် PDFကမ္မတပ်ဖွဲ့တို့မှ တပ်လျှိူ ရဲဘော်နှစ်ဦးဖြစ်သည်။
စစ်အုပ်စု အလစ်အငိုက်တွင် အခွင့်အရေးရချိန် လက်နက်သယ် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း မြိုင်ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“သာကြီးတောင်နားမှာ ကျွန်တော်တို့ဆီသင်တန်းတက်ထားတဲ့ ရဲဘော်ရှိတာ။ သူတို့ကိုသေချာမောင်းပြီး စစ်ဆင်ရေး ဖော်ဖို့ဆိုပြီး ပြန်လွှတ်ထားတာ။ တစ်လနဲ့ဆယ်ရက်လောက်ပဲကြာတယ်။ သူတို့လိုတဲ့ခေါ်ခေါ်ခိုင်းနေတာ။ ကွမ်းယာဝယ်ဆေးလိပ်ဝယ်ပေါ့။ လက်နက်ကိုင်ခိုင်းတဲ့အဆင့်ထိမရောက်ဘူး။ လိုတာလေးတွေ တောက်တို မယ်ရလုပ်ပေးရတာ။ တစ်ယောက်က သယ်ပြီးတော့ပြေးချိန် တစ်ယောက်ကတခြားဘက်ကနေပြေးတာ။ နှစ်ယောက်ခွဲပြေးတာ။ ပထမတစ်ယောက်က လက်နက်သယ်ပြေးချိန် နောက်တစ်ယောက်က လမ်းလွှဲပြီးတော့ပြေးတာ။”ဟု မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။
ရရှိလာသည့် BA 63 (G3) သေနတ် ၃လက်နှင့် ကျည်ဘောက် ၅ ခု ၊7.62 (G3) ကျည် ၈၀တို့အား အပ်နှံခဲ့၍ ရဲဘော်နှစ်ဦးအား ဂုဏ်ပြုဆုငွေ ကျပ်သိန်းတစ်ရာ ချီးမြှင့်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့က ထုတ်ပြန်သည်။