စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ သာစည်အကျဥ်းထောင်မှထွက်လာသော စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ပြီး ထိခိုက်သူများအား ဆေးရုံပို့ဆောင်စဥ် ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးပြီး လက်နက် ၃လက်ရရှိခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက် နံနက်၈နာရီခွဲခန့်က မုံရွာမြို့နယ် သာစည်ရဲစခန်းအနီး အသစ်ဆောက်နေသော သာစည်အကျဉ်းထောင်မှ ထွက်လာသည့် ၁ဝဦးခန့်ပါ စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ခြုံခိုတိုက်ခိုက်ခဲ့ရာ ၇မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့သည်။
ပစ်ခတ်မှုအတွင်း စစ်သား၂ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ၅ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း BLDF တာဝန်ရှိသူက ပြောသည်။
သာစည်အကျဉ်းထောင်အတွင်းမှ စစ်သားများသည် ဒေသခံပြည်သူများအား အဓမ္မ ငွေကြေး ကောက်ခံနေကြောင်း သတင်းရ၍ နေ့စဉ် ကင်းပုန်းဝပ်စောင့်ဆိုင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLDFအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်မှုကြောင့် ထိခိုက်သူများကို အလုံမြို့စစ်ဆေးရုံသို့ လူနာတင်ကားဖြင့် ပို့ဆောင်စဥ် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပ.လ.ဖ) များက စောင့်ဆိုင်းတိုက်ခိုက်ရာ ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၄လက်ရရှိခဲ့ကြောင်း BLDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“သာစည်အကျဉ်းထောင်ဝင်းကနေ မုံရွာ အလုံ စစ်ဆေးရုံကို ထိခိုက်ဒဏ်ရာ ရတဲ့ စကစ တပ်သားတွေကို ပို့ဖို့ လုပ်နေတာကို သိလို့ မြို့နယ် ပကဖ နဲ့ မြို့နယ် ပလဖကို ကြိုအကြောင်းကြားပေးလိုက်လို့ သူတို့က လမ်းပိုင်းတနေရာမှာ စောင့်ဆိုင်းထားတာ။”ဟု BLDF အဖွဲ့မှ ရဲဘော်ဂျွန်က ပြောသည်။
ထိခိုက်သေဆုံးမှုများကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပထမစစ်ဆင်ရေးကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF-Gara စခန်း)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (Special Region Attack Force-SRAF) တပ်ခွဲနှင့်အတူ 9 Million အဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း၊ Future Star အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ(၄) Y.A.S.F၊ မုံရွာခရိုင်တပ်ရင်း (၂၁) တပ်ခွဲ(၃)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တိုက်နယ်(၅) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်နှင့်စက်မှုဇုန်ဝန်းကျင်သို့ ကားများဖြင့်လှည့်လည်၍ ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။