ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်ထဲမှာ သားကိုမမိလို့ အဖမ်းခံခဲ့ရပြီး ထောင် ၁၄ နှစ်ချခံထားရတဲ့ ဖခင် အချိန်မှီဆေးကုသခွင့်မရတဲ့အတွက် သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
သေဆုံးသူဟာ ဝေါမြို့နယ်၊ ကဒွတ်ကျေးရွာနေ ဦးခင်စိုး ၆၆ နှစ်ဆိုသူဖြစ်ပြီး မတ်လ ၆ ရက်မနက်ပိုင်းမှာ ဆီးချုပ်ဝမ်းချုပ်ရောဂါနဲ့ ဆေးကုသခွင့်မရဘဲ သေဆုံးသွားတာလို့ ဆိုပါတယ်။
“ထောင်ထဲမှာက အကျဥ်းသားကများ။ သူကအသက်ကလည်းကြီး။ ဆီးချုပ်ဝမ်းချုပ် ဖြစ်နေတာလည်း ကြာပြီလို့ သိရတယ်။ အဲ့လိုဖြစ်နေတာကို ပြင်ပမှာဆေးကုသခွင့်ရဖို့ တင်ပြတာ ထောင်ကခွင့်မပြုဘူး။ မနေ့ကမှ အခြေနေဆိုးလို့ ဒိုက်ဦးဆေးရုံတင်ရာမှာ ဆုံးသွားတယ်”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
လက်ရှိမှာ သေဆုံးသွားတဲ့ ဦးခင်စိုးရဲ့အလောင်းကို မိသားစုဝင်တွေကပြန်မရသေးသလို အလောင်းကြည့်ခွင့်တောင် မရဘူးလို့ဆိုပါတယ်။
ဦးခင်စိုးရဲ့ သားသမီး ၂ ဦးအနက် သားဖြစ်သူမှာ ဝေါပကဖအဖွဲ့ဝင်တဦးဖြစ်လို့ စစ်ကောင်စီက အလိုရှိနေသူဖြစ်သလို သမီးဖြစ်သူ ကျောင်းဆရာမမှာလည်း CDM လုပ်ထားလို့ တိမ်းရှောင် နေရပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်က ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲတွေသေဆုံးတဲ့ကိစ္စမှာ ဦးခင်စိုးသားဖြစ်သူက ပါဝင်ပတ်သက်တယ်ဆိုပြီး အောက်တိုဘာလ ၃ ရက်မှာနေအိမ်ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ရှာဖွေရာ သားဖြစ်သူကိူမတွေ့လို့ ဦးခင်းစိုးကို ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီနောက် ဦးခင်စိုးကို အကြမ်းဖက်မှုပုဒ်မ ၅၀(ည)၊ ၅၂(ခ)နဲ့ အမှုဖွင့်ပြီး ထောင်ဒဏ် ၁၄ နှစ် အမိန့်ချခဲ့သည့်အပြင် ကျန်းမာရေးမကောင်းသည့်အချိန်မှာလည်း ဆေးဝါးကုသခွင့်မပေးဘူးလို့လည်း ဆိုပါတယ်။
ညောင်ခါးရှည်ရဲစခန်းတိုက်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံပြည်သူ ၅၀ ထက်မနည်းဖမ်းဆီးခံခဲ့ရကာ အဲဒီထဲကမှ ၃၀ ဦးသာပြန်လွတ်ပြီး ၂၀ ခန့် ထောင်ချခံထားရကာ ၅ ဦးမှာ စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် မေလ ၂၅ ရက်ကလည်း ကျိုက်စကောအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်ဝင်းကို စစ်ကြောရေးကို ခေါ်သွားပြီးသတ်ဖြတ်ခဲ့သလို၊ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း အကျဉ်းသား ၃၇ ကို ထောင်ပြောင်းဖို့ဆိုကာ ခေါ်ဆောင်သွားပြီး ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့ဒီထဲက အကျဉ်းသား ၁၁ ဦးကို ပစ်သတ်ခဲ့ပါသေးတယ်။