ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နိမြို့ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ ၁၆) အနီးမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ နိုဝင်ဘာ ၃ မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
စ.က.ခ (၁၆) ရဲ့ အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေပူဂိတ်ကို ညီနောင်မဟာမိတ်တွေက တိုက်ခိုက်တာကြောင့် အကျအဆုံးများပြီး လေကြောင်းပစ်ကူတွေနဲ့ စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူဟာ ကောင်းဟော်ကျေးရွာနဲ့ မြို့တွင်းကို ပစ်ခတ်တာကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူတချို့သေဆုံးမှုရှိခဲ့ပါတယ်။ သေဆုံးပြည်သူတွေကို ပစ်ထားခဲ့ရပြီး ကိုယ်လွတ်ရုန်းထွက်ပြေးနေရတယ်လို့ ဒေသခံက ပြောပါတယ်။
သိန္နိမြို့မှာ စစ်ကောင်စီရဲ့ ခလရ-၆၉၊ စ.က.ခ ၁၆၊ ခလရ- ၂၄၀၊ ခလရ ၃၂၃ တပ်တွေအပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်တို့ ရှိကြပါတယ်။
အဲ့ဒီတပ်တွေကို ညီနောင်မဟာမိတ် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၃၀ မှာ တိုက်ခိုက်ခဲ့ပြီး MNDAA က ထိန်းချုပ်ထားနိုင်တယ်လို့ ကြေညာပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ စကခမှူးသေဆုံးတယ်လို့ သိရပါတယ်။
အဲ့ဒီမြို့ထိန်းတိုက်ပွဲကြေညာအပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာပြီးနောက် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နဲ့ ရခိုင်တပ် (AA) တို့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးမှာ PDF တွေနဲ့ အခြားတော်လှန်ရေးအဖွဲ့တွေ အများအပြား ပါဝင်တိုက်ခိုက်နေပါတယ်။
စစ်ဆင်ရေးကြေညာအပြီး တပတ်အကြာမှာ ရှမ်းပြည်မြောက်ပိုင်းက မြို့ ၄ မြို့နဲ့ စစ်တပ်စခန်း ၁၀၀ ခန့်ကို သိမ်းပိုက်နိုင်ပြီး လက်နက်အများအပြား ရရှိတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ကြေညာထားပါတယ်။