ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်တပ်များက ယနေ့ (အောက်တိုဘာ ၂၈ရက်) ညနေပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“အခု သိန္နီမြို့လယ်ခေါင်မှာ တိုက်ပွဲပြင်းထန်နေတယ်။ MNDAA မဟာမိတ်တပ်ပေါင်းစု သိန္နီမြို့ကိုဝင်စီးလိုက်ပြီ။ ရဲစခန်းကို တိုက်ခိုက်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ညနေ ၄နာရီ ၅၀မိနစ်ခန့်တွင် ပြောသည်။
ယနေ့နေ့လယ်ပိုင်း၌ MNDAA သိမ်းပိုက်ခဲ့သည့် မုံးကိုး၊ ဖောင်းဆိုင်၊ မန့်ယန်း တပ်စခန်းနေရာကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ပြောပြသည်။ အဆိုပါနေရာကို ယနေ့နေ့လယ်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မုံးကိုးမြို့နယ်ခွဲ နမ့်ခါးတောင်နေရာကိုလည်း စစ်ကောင်စီက ညနေ ၄နာရီ ၁၇မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။