ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီနဲ့ လားရှိုး လမ်းမပေါ်ရှိ သိန္နီ မြို့အထွက်က နမ္မတူချောင်းကို ဖြတ်တဲ့ ယာယီ ချောင်းကူးတံတားကို မနေ့က ဖေဖော်ဝါရီ ၅ ရက်မှာ ဆောက်လုပ်ပြီးစီးထားလို့ ကားလေးတွေ ဖြတ်သန်းသွားလာလို့ရပြီလို့ သိရပါတယ်။
“သိန္နီ ယာယီ တံတား ဆောက်ထားပြီ။ ခရီးသွား ကားငယ်တွေ ဖြတ်သန်းသွားလာလို့ ရပါပြီ” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
လားရှိုး – သိန္နီ ခရီးသည် ကားလိုင်းဆွဲနေတဲ့ ယာဉ်မောင်းတစ်ဦးကဝောာ့ အဲဒီလမ်းကနေ မသွားရဲသေးကြောင်းနဲ့ လက်ရှိတော့ သိန္နီမြို့ အနီးအနား ရွာတွေဘက်တော့ ဖြတ်သန်းသွားလာနေပြီ ဖြစ်ကြောင်းပြောပါတယ်။
သိန္နီအထွက်က နမ္မတူချောင်းကူးတံတားကြီးကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် MNDAA ပူးပေါင်းအဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ပြီး အခု ကိုးကန့် MNDAA အဖွဲ့ကပဲ သံဘောင်တံတား ပြုလုပ်ဖို့ ပြင်ဆင်နေပြီလို့ နယ်စပ်ကုန်သည် တစ်ဦးက ပြောပါတယ်။
“တံတားကြီးလည်း လုပ်ပေးမယ်လို့ ပြောတယ် MNDAA က။ အခု သံဘောင်တွေလည်း ရောက်နေပြီ” လို့ သူက ပြောပါတယ်။
လားရှိုးမြို့နဲ့ သိန္နီမြို့ နယ်စပ်က တံတားတော့ သွားလာလို့ မရသေးဘူး လို့ဆိုပါတယ်။
အဲဒီ သိန္နီ မြို့အထွက်၊ သိန္နီ – လားရှိုး လမ်းမပေါ်က နမ္မတူ ချောင်းကူးတံတားကြီးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်မနက်က မိုင်းခွဲ ဖျက်ဆီးခံရလို့ ထက်ပိုင်း ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။