တော်လှန်ရေးအတွက် အနုပညာလက်နက်ဖျော်ဖြေပွဲမှ ဩစတေးလျဒေါ်လာ ၅၆၀၀၀ (ကျပ် ၁,၄၀၀ သိန်းကျော်) ရရှိခဲ့ပြီး ယင်းငွေအားလုံးကို တော်လှန်ရေးအတွက်အသုံးပြုသွားမည်ဟု တော်လှန်အနုပညာရှင် မင်းမော်ကွန်းက အသိပေးထားသည်။
” ရရှိငွေအားလုံးအားလုံးသည် တော်လှန်ရေးအတွက်တပြားမကျန်သွားမှာဖြစ်တယ်ဆိုတာကို ထပ်ပြီး သတင်းကောင်းပေးပါတယ်” ဟု မင်းမော်ကွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
မင်းမော်ကွန်း၏ တော်လှန်ရေးအတွက် အနုပညာလက်နက် ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ဇွန် ၁၅ ရက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“မနေ့ညက Sydney မှာကျင်းပတဲ့ ကိုကျော့်ပွဲကတော်တော်လေး smart ဖြစ်တယ်။သီချင်းတွေစဉ်ထားတဲ့ ပွဲ tempo အတက်အမြင့်stage effects တော်လှန်ရေးမိသားစုတွေရဲ့အစားအသောက်အရသာရှိမှုလေးတွေငယ်ငယ်က မြေပဲယိုသီချင်းလေးတွေ ပြန်ကြားရတာအစ…” ဟု ယင်းဖျော်ဖြေပွဲကိုသွားရောက်ကြည့်ရှူခဲ့သည့်ခံစားမှူကို ဒါရိုက်တာ သည်ခေတ်နေက ရေးသားထားသည်။
ဖျော်ဖြေပွဲ၌ မင်းမော်ကွန်းကိုယ်တိုင်ရေးဆွဲထားသည့် The Wave ပန်းချီကားကိုလည်း လေလံတင်ခဲ့ရာ ဩစတေးလျဒေါ်လာတစ်သောင်းရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
တော်လှန်ရေးအတွက် အနုပညာလက်နက် ဖျော်ဖြေပွဲကို မဲလ်ဘုန်းမြို့တွင် ဇွန် ၂၂ ရက်၌ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။