ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းပိုက်ခဲ့တဲ့ မန်တုံမြို့၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ကနေ့ ၄ ရက်နေ့ထိ ထိပ်ပိုင်းခေါင်းဆောင်တွေ ကွင်းဆင်းကြည့်ခဲ့ပြီး ရှမ်း၊ ကချင်၊ လီဆူ စတဲ့တိုင်းရင်းသားမောင်နှမများ တက်ရောက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ဒုတိယဥက္ကဌ တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် ဖက်ဒရယ်ရေးရာ ဒုတိယဝန်ကြီး မိုင်းဝင်ထူး၊ TPCC အတွင်းရေးမှုး မိုင်းနိုင်ဂေါင်းဇားတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့တာပါ။
သိမ်းပိုက်တဲ့မြို့နယ်တွေမှာ မြို့အုပ်ရေးကော်မတီနဲ့ မြို့အုပ်ချုပ်မှုပုံမှန် လည်ပတ်စေရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ဆောင်ရွက်ရမည့် လုပ်ငန်းများ ဒေသခံပြည်သူလူထူများနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။
ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ဒုတိယဥက္ကဌ(၁) ဗိုလ်ချုပ်တားဂျုတ်ဂျားက “ယခင် PSLF လက်ထက် လက်နက်အပ်ခဲ့ရတဲ့ အကြောင်းရင်းအပါအဝင် သိမ်းပိုက်ထားတဲ့မြို့များသည် တအာင်းလူမျိုးများ နေထိုင်ကြခြင်းမဟုတ်ဘဲ တစ်ခြားလူမျိုးမှာနှင့် အတူနေထိုင်ကြလို့ နေချင်စဖွယ်ကောင်းတဲ့ မြို့ဖြစ်တာကြောင့် ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်သွးရန်လိုအပ်ကြောင်း” ပြောကြားခဲ့ပါတယ်။
ပြည်သူလူထုများရဲ့ ကျန်းမာရေး၊ ရပ်တန့်နေတဲ့ လူငယ်များပညာရေးအား ပြန်လည်သင်ကြားနိုင်ရေးနဲ့ လက်ရှိနိုင်ငံရေးအကြောင်းအရာတွေကို တက်ရောက်လာတဲ့ ပြည်သူတွေကို ဗိုလ်မှူးတားဘုန်းကျော်က ရှင်းပြခဲ့ပါတယ်။
အလားတူ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးမှ NUG ရဲ့ နိုင်ငံရေးလမ်းပြမြေပုံနှင့် လက်ရှိလုပ်ဆောင်ချက်တွေကို ရှင်းလင်းပေးခဲ့ပြီး တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်းဇားမှ TPCC အကြောင်းနဲ့ ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်း ရှင်းလင်းပြခဲ့ပါတယ်။