ရှမ်းမြောက် သီပေါမြို့နယ်တွင် ဒီနေ့ ဇူလိုင် ၃ ရက်နေ့မှာ ဓာတ်ဆီကို တစ်ဦးလျှင် ၃ သောင်းကျပ်ဖိုးသာ ရောင်းချပြီး လူရာနဲ့ချီ တန်းစီ စောင့်ဝယ်ယူနေတယ်လို့ သိရပါတယ်။
ဓာတ်ဆီ တစ်လီတာကို ၃ ထောင်ကျော်ရှိပြီး ဒီနေ့တစ်ရက်သာ ပုံးတွေနဲ့လာဝယ်တဲ့သူတွေကို ရောင်းချပြီး မနက်ဖြန် ကားနဲ့ဆိုင်တွေကို ရောင်းပေးသွားမှာ ဖြစ်ပါတယ်။
“အများကြီး မရောင်းပေးဘူး၊ တစ်ယောက်ကို ၃ သောင်းဖိုးဘဲ ရောင်းပေးတာ တန်းစီပြီးစောင့်ဝယ်ရတယ် တစ်မြို့လုံးမှ ဒီဆိုင်မှာပဲ ဓာတ်ဆီတွေရတော့တယ်၊ မနက်အစောကတည်းက လူတွေအများရောက်နေကြတယ် အခုထိလူများနေတုန်းပဲ” လို့ မြို့ခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတိုက်ပွဲဖြစ်တဲ့မြို့တွေမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး သီပေါမြို့မှာလည်း ဓာတ်ဆီတွေကို လုယက်ဝယ်ကြတယ်လို့ သိရပါတယ်။
သီပေါမြို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် စံဖိတ်ရပ်ကွက်မှာ လက်နက်ကြီးကျလို့ ဒေသခံ ၅ဦး ဒဏ်ရာရရှိပြီး ဒေသခံတစ်ချို့တွေဟာ တောင်ပေါ်ကျေးရွာတွေမှာ တိမ်းရှောင်နေကြပါတယ်။