စစ်ကောင်စီတပ်၊ ရဲ နဲ့ အကျဥ်းဦးစီးက ဝန်ထမ်းတွေက အာဏာကိုအလွဲသုံးစားလုပ်ပြီး နိုင်ငံရေးအကျဥ်းသားတွေအပေါ် ဖိနှိပ်ပြီး အကြောင်းမဲ့ သတ်ဖြတ်တာတွေကြောင့် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ရက် ၃ လတာ ကာလအတွင်း နိုင်ငံရေးအကျဥ်းသား ၆ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ကိုသိုက်ကပြောပါတယ်။
“စစ်တပ်နဲ့ရဲက ခေါ်ထုတ်သွားပြီးနောင်ပိုင်းမှာ သေဆုံးရတဲ့သူတွေများတယ်။ ဘာကြောင့် သေဆုံးတယ်ဆိုတာကို မိသားစုဝင်တွေကိုတောင် အကြောင်းကြားခြင်းမရှိဘူးပေါ့နော်။ ထောင်ရဲ့ လုပ်ထုံးလုပ်နည်းက လူတယောက်သေဆုံးရင် ဆေးမှတ်တမ်းတွေ ပေးရတယ်ပေါ့၊ ဥပဒေမှာလည်း ပြဌာန်းထားတယ်။ အခုကတော့ နိုင်ငံရေးအကျဥ်းသူ/သားတွေရဲ့ အသက်အန္တာရယ်ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီလို့ ပြောလို့ရတယ်”
ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဝေါ်မြို့နယ်တရားရုံးကအပြန် စစ်တပ်နဲ့ရဲ ရဲ့ သတ်ဖြတ်ခြင်းကြောင့် မနိုဘယ်အေးနဲ့ ကိုအောင်ကိုဟိန်း(ခ)လေးခွင်တို့ သေဆုံးခဲ့ရပါတယ်။
မတ်လ ၈ ရက်နေ့မှာ ကိုဝင်းသီဟနဲ့ ကိုမင်းသူ (ခ)မော်လဝီရှက်မင်းကို စစ်တပ်နဲ့ရဲက ထားဝယ်အကျဥ်းထောင်ပြင်ပကိုခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၉ ရက်နေ့မှာ မုံရွာ အမှတ် ၁ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကိုအောင်ကျော်ဇင်ကို သတ်ဖြတ်ခဲ့ပြီး မြင်းခြံထောင်မှာလည်း ကိုနိုင်ဝင်းထွန်းကို အကျဥ်းဦးစီးဝန်ထမ်းတွေက ရိုက်နှက်လို့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်ကာလမှာ ၃ လအတွင်း နိုင်ငံရေးအကျဥ်းသား ၆ ဦးအထိ သေဆုံးခဲ့ရပြီး ၂၀၂၃ ခုနှစ်က နိုင်ငံရေးအကျဥ်းသား ၁ ဦးပဲ သေဆုံးခဲ့ရတယကြောင့် အခုနှစ်ထဲမှာ အကျဥ်းထောင်အတွင်း ဖိနှိပ်နှိပ်စက်ခံရမှုတွေ ပိုမြင့်တက်လာတယ်လို့ သိရပါတယ်။