ရန်ကုန်က သံရုံးထိပ်တန်းသံတမန်ကို စက်တင်ဘာ ၁ ရက်နောက်ဆုံးထားပြီး မြန်မာနိုင်ငံထဲက ထွက်သွားဖို့ မောင်းထုတ်ခဲ့တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီကို အရှေ့တီမော အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေ စီရရှိရေးအတွက် ကြိုးပမ်းမှုအားလုံးကို ပံ့ပိုးကူညီဖို့ အရေးကြီးကြောင်း ဩဂုတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက သူတို့နိုင်ငံ မြို့တော်ဒီလီကို ဖိတ်ခေါ်လက်ခံတွေ့ဆုံခဲ့သလို ဩဂုတ်လဆန်းပိုင်းကလည်း ဝန်ကြီးချုပ် ဂက်စ်မာအိုက မြန်မာ့ပဋိပက္ခအရေး အာဆီယံက မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြေလည်ဖို့စည်းရုံးမှုပုံစံ ကြည့်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရေး ပြန်လည်စဉ်းစားရတော့မယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ဩဂုတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေ့စ်ဘုတ်မှာ အရှေ့တီမောဟာ အကြမ်းဖက်အုပ်စုကို မြန်မာနိုင်ငံတွင်းမှာ ပိုမိုအကြမ်းဖက်ဖို့ တိုက်တွန်းအားပေးတာ၊ တာဝန်မဲ့တဲ့လုပ်ရပ်တွေ လုပ်တာဆိုပြီး စက်တင်ဘာ ၁ ရက်ထက်နောက်မကျဘဲ မြန်မာနိုင်ငံထဲက တီမောထိပ်တန်းသံတမန်အနေနဲ့ ထွက်သွားဖို့ မောင်းထုတ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ရိုက်တာရဲ့ဖော်ပြမှုက ခုထိလည်း ဒီသံတမန် ဘယ်ရောက်နေလဲ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် အရှေ့တီမောအစိုးရက မြန်မာစစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးအပေါ် လေစားပါ၊ ပြည်တွင်း အကျပ်အတည်းကို အပြုသဘောဆောင်ပြီး ငြိမ်းချမ်းစွာဖြေရှင်းပါ၊ အရှေ့တီမောအနေနဲ့က မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းမှုအားလုံးကို ပံ့ပိုးကူညီဖို့အရေးပါတယ်ဆိုပြီး ဩဂုတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်သွားခဲ့ ပါတယ်။
ချက်နိုင်ငံ ပရပ်ဂ်မြို့အခြေစိုက် NUG အစိုးရ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးလင်းသန့်က စစ်ကောင်စီရဲ့ အရှေ့တီမော သံရုံးဝန်ထမ်းတွေ မောင်းထုတ်မှုဟာ လုံးဝတရားမျှတမှုမရှိတဲ့ လုပ်ရပ်လို့ ဝေဖန်ခဲ့ပါတယ်။