ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင် သံတောင်ကြီးမြို့ဟောင်းရှိ အထက်တန်းကျောင်းအား လာမည့် တနင်္လာနေ့အမီ ပြန်မဖွင့်နိုင်ပါက မြို့အတွင်း မာရှယ်လောစနစ် ထုတ်ပြန်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီက ဒေသခံများအား ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များမှ သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အဆိုပါမြို့အထက်တန်းကျောင်းအပ်လက်ခံခဲ့သော်လည်း ကျောင်းအပ်လက်ခံသည့်နေ့မှာ မြို့နယ်ပညာရေးမှူးရုံးအား အမည်မသိလက်နက်ကိုင်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းသားအများစုကျောင်းသွားမတက်ကြသလို ပြီးခဲ့သည့် ဇွန်လ(၂၀)ရက်နေ့ကလည်း ထိုရုံးထပ်မံမီးရှို့ခံရသဖြင့် ကျောင်းပိတ်ထားလိုက်ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “အဲ့လိုတွေဖြစ်ပြီး ကျောင်းသွားမယ့်သူမရှိလို့ ကျောင်းပိတ်ထားလိုက်ရတော့ စစ်တပ်က လာကြည့်တယ်။ ပြီးတော့ ဒီအပတ်တနင်္လာနေ့ကစပြီးတော့မှ ကျောင်းပြန်မဖွင့်ရင် မာရှယ် လောထုတ်မယ်တဲ့ လိုက်ကြေညာတာတော့မဟုတ်ဘူး။ မြို့လူကြီးတွေဆီကတဆင့်ပြောတာပါ။ ကျမတို့လည်း ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု -CDM မပြုလုပ်သော ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာ၊ ဆရာမအချို့နှင့်ရုံးဝန်ထမ်းအချို့တို့၏ နေအိမ်အနားတစ်ဝိုက်တွင် မည်သူမည်ဝါမှန်း မသိသော လက်နက်ကိုင်အဖွဲ့အချို့၏ ပစ်ခတ်ခြိမ်းခြောက်မှုခံရခြင်းများ ရှိခဲ့ခြင်းကြောင့် ကျောင်းပြန်ဖွင့်ရန် စိုးရိမ်ပူပန်မှုရှိနေသည်ဟု ပညာရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူများက ပြောဆိုကြသည်။
“ကျောင်းအပ်သူတစ်ဝက်ကျော်လောက်က ကျောင်းသွားမတက်ရဲကြဘူး။ ဟိုနှစ်ကတည်းက ပုဂ္ဂလိကကျောင်းတွေ၊ ဘာသာရေးကျောင်းတွေမှာပဲ ထားရတာ။ ကျောင်းသားမိဘတွေလည်း ကျောင်းသွားမအပ်ရင်လည်း အဆင်မပြေ၊ သွားအပ်ပြီးတော့လည်း မတက်ရဲနဲ့ နှစ်ဖက်လုံးကိုကြောက်နေရတယ်။”ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။
အလားတူ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီမှလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာများနှင့်ရွာရှိစာသင်ကျောင်းတွင် စစ်ကောင်စီတပ်များ ဝင်ရောက်နေထိုင်ခြင်းတို့ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရရုံသာမက အလုပ်အကိုင်ကောင်းစွာ မလုပ်ကိုင်နိုင်သဖြင့် မိမိတို့ကလေး များပညာရေးအတွက် အထောက်အပံ့ပေးရန် လိုအပ်နေကြောင်း စစ်ရှောင်မိခင်များထံမှ သိရသည်။
ထို့အတူ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း သံတောင်မြို့(၁၃)မိုင်နှင့် လိပ်သိုဒေသတို့တွင်လည်း အထက်တန်းကျောင်းအချို့ လုံးဝပိတ်ထားရခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတစ်ဝက် တစ်ပျက် ပိတ်လိုက်ရခြင်းများရှိနေ၍ ကျောင်းနေအရွယ်ကလေးများ ကောင်းစွာပညာသင်ယူနိုင်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။