ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အထိုင်စခန်းတွေဖြစ်တဲ့ သောက်ရေခပ် နဲ့ ယာဒို စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ထံမှ သိရပါတယ်။
တိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၂ ရက်ကနေ ၁၃ ရက်အထိ ၁၂ ရက်တာ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ ဖျက်မြင်းစစ်ကြောင်း Drone တပ်ဖွဲ့၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် Drone တပ်ဖွဲ့နဲ့ ဓနု Drone တပ်ဖွဲ့တို့ ပူးပါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း သောက်ရေခပ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီအထိုင်စခန်းမှ ဒုရင်းမှုးတစ်ဦး ဒဏ်ရာရရှိပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့ပါတယ်။
ဒါအပြင် ယာဒိုစစ်ကောင်စီစခန်းမှာ လက်နက်တိုက် အဆောက်အဦးတစ်ခု မီးလောင်ပျက်စီးပြီး လာရောက်မီးငြိမ်းတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားများအား Drone ဖြင့် ဆက်လက်တိုက်ခိုက်ရာ အထိအခိုက်ရှိနိုင်တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။