သံတွဲနှင့် ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များအား အာရက္ခတပ်တော်(AA) အမည်အသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံသူများ ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ကြောင်း AAက ယနေ့(ဇူလိုင် ၂ရက်) ထုတ်ပြန်သည်။
AA အနေဖြင့် သံတွဲမြို့ရှိ စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရန် နှင့် ကျန်နေသည့် မြို့များမှ စစ်စခန်းများအားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တိုက်ပွဲများ မရပ်မနားရှိနေချိန်၌ တိုက်ပွဲပြင်းထန်နေမှုကို အခွင့်ကောင်းယူကာ မသမာသူ လူတစ်စုက AAအမည်သုံး ငွေလိမ်တောင်းခံနေကြောင်း သိရသည်ဟု ဖော်ပြသည်။
အဆိုပါ လူတစ်စုသည် သံတွဲနှင့် ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေခြင်းဖြစ်ကြောင်း AAက ထုတ်ပြန်သည်။
AA အနေဖြင့် သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို့ အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိပါကြောင်း အသိပေးသည်။
ထိုသို့ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ထပ်မံရှိလာပါက ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက် ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါကြောင်း လည်း AAက ထုတ်ပြန်သည်။
AAအနေဖြင့် ရက္ခိုင်ရှိ စစ်ကောင်စီ လက်ကျန် စခန်းများ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ဇွန်လအတွင်းက ငပလီအပါအဝင် သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့သည်။